အင်းတော်မြို့နယ် ပိန်းအင်းရွာမှာ အရပ်သားလေးဦးသတ်ဖြတ်ခံရ
2022.12.20

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပိန်းအင်းရွာဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ် တွေ သေနတ်နဲ့ပစ်သတ်ပြီး မြေမြှုပ်ထားတဲ့ အရပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ၂၀ ရက် ဒီကနေ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ နန့်သဲရွာက ကိုအောင်နိုင်ထွန်း၊ ကွင်းချောင်းရွာက ကိုနေဝင်း၊ မအူကုန်းရွာက ကိုကျော်လွင်တို့ဖြစ်ပြီး ကျန်တစ်ဦးရဲ့ အမည်နဲ့ နေရပ်ကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့တုန်းက ကာကွယ်ရေးတပ်တွေ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ အလောင်းတွေကို။ ပိန်းအင်းရွာ ဘုန်းကြီးကျောင်းနားမှာ မြှုပ်ထားတာ။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဒဏ်ရာတွေတွေ့တယ်”
ဘာကြောင့် ဒီအရပ်သားလေးဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပိန်းအင်းရွာ၊ ဂျုံးဂျုံးကျရွာနဲ့ ညောင်ကုန်းရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက် မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်တဲ့ အချိန်မှာ ဒီအရပ်သားလေးဦး ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၉၉၈ ဦးသေဆုံးခဲ့ပါတယ်။