ရန်ကုန်မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ လူငယ်လေးဦး အဖမ်းခံရ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာအနီးမှာ မတ်လ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတစ်ခု ချိတ်ဖို့ ကြိုးပမ်းတဲ့ လူငယ် လေးဦးကို အရပ်ဝတ်နဲ့ စောင့်နေတဲ့ ရဲတွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ရန်ကုန် အခြေစိုက် သပိတ်အင်အားစုတစ်ခုက RFA ကို ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ အသက် ၁၆ နှစ်မပြည့်သေးတဲ့ အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့ ရန်ကုန်သပိတ် အင်အားစုတစ်ခုက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိူးသမီးတစ်ဦးက ပြောပါတယ်။
"အဖမ်းခံရတဲ့ ကလေးတွေကကျတော့ ယုဇနပလာဇာဘက်မှာ စာတန်းချိတ်ဖို့ လုပ်နေ တဲ့အချိန်မှာပဲ အရပ်ဝတ်တွေနဲ့ စောင့်ပြီးတော့ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက် ရတဲ့ ကလေးတွေကလည်း စစချင်း အရှေ့တစ်ရက်မှာပေါ့နော်။ ညဘက်သပိတ်မှာ အဖြိုခံလိုက်ရပြီးတော့ အဖမ်းခံလိုက်ရတဲ့ ကော်မတီကပေါ့နော်။ RG အဖွဲ့က ကလေးတွေပါ။ မင်္ဂလာဒုံ သပိတ်ကော်မတီက ကလေးတွေလည်း ပါသွားတယ်။ အဲဒီကလေးတွေက အသက်က မပြည့်သေးပါဘူး"
အဖမ်းခံရသူတွေထဲ ကိုအောင်ကောင်းမြတ်နဲ့ ကိုဟိန်းထက်ပိုင်တို့ပါဝင်ပြီး အခြားသူတွေရဲ့ အမည်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲလို့ သူက ပြောပါတယ်။
သူတို့ကို ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီနေ့ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး လှုပ်ရှားနေတဲ့ လူငယ်အဖွဲ့တစ်ခုက ဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုအချိန်မှာ ရန်ကုန်မြို့ပြသပိတ်တွေ ဆောင်ရွက်ရာမှာ အရင်ကထက် ခက်ခဲကျပ် တည်းလာပေမယ့် ရတဲ့နည်းလမ်းနဲ့ ဆက်လက်ကြိုးစားနေကြဆဲပဲလို့ သပိတ်အင် အားစုတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေကလည်း ရန်ကုန်တိုင်း ဗိုလ်တထောင်နဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်က အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် နှစ်ဦး အပါအဝင် ဆန္ဒပြ ကျောင်းသားလူငယ် ခုနစ်ဦး အဖမ်းခံခဲ့ရပါတယ်။