စစ်ပွဲရပ်ရေး ဆန္ဒပြတဲ့ ကျောင်းသား ၁၄ ဦး ဖမ်းဆီးခံထားရ
2020.09.29
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ရေး စတစ်ကာ လှုပ်ရှားမှုနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၄ ဦးကို အစိုးရက ဖမ်းဆီးထားပြီး လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား ၃၀ လောက်လည်း တိမ်းရှောင်နေရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး၊ အငတ်ဘေးတွေ ခံစားနေရတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက် ကန့်သတ်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ရာမှာ စက်တင်ဘာ ၂၈ မနေ့ကအထိ ၁၄ ဦး ဖမ်းဆီးခံထားရပြီး ၃၀ လောက်က ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စတေကာကပ်တဲ့ လှုပ်ရှားမှုကို စက်တင်ဘာ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာပါ။
ရတနာပုံ တက္ကသိုလ်က သုံးဦး၊ မိတ္တီလာတက္ကသိုလ်က သုံးဦး၊ မုံရွာတက္ကသိုလ်က သုံးဦး၊ ကန့်ဘလူ စက်မှုလက်မှု သိပ္ပံကျောင်းက တစ်ဦး၊ မန္တလေး သမဝါယမ ကောလိပ်က တစ်ဦး၊ ပခုက္ကူ တက္ကသိုလ်က တစ်ဦး အားလုံး ၁၄ ဦး ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ပခုက္ကူက ကျောင်းသားတွေကို တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ ကျောင်းသားတွေက အိမ်မှာရှိနေချိန် လာရောက်ခေါ်ယူတာနဲ့ အပြင်မှာသွားလာနေချိန်မှာ ဖမ်းဆီးခံရတာလို့ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ရန်ကုန်ပညာရေးတက္ကသိုလ်က ဒုတိယ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက RFA ကို ပြောပါတယ်။
"အဖမ်းခံရတဲ့ ကျောင်းသားတွေက သူတို့ရုံးခန်းမှာ သူတို့ဘာသာနေတာကို ဝင်ဖမ်းတာလို့ပြောတယ် ကျောင်းထဲကိုဝင်ဖမ်းတာ ရဲကားလေးစီးပါတယ်လို့ပြောတယ် ပါချုပ်ကိုခွင့်မတောင်းပဲဖမ်းတာ။ တချို့ကတော့ အိမ်ကိုလာခေါ်တာ ညီလေး ခဏလောက်လိုက်ခဲ့ပါဦးဆိုပြီး အများအားဖြင့် အရပ်ဝတ်တွေနဲ့ ဖမ်းတာများပါတယ်။ မိတ္ထီလာက သုံးယောက်က နှစ်ယောက်က သူတို့လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဖမ်းသွားတာ၊ ရတနာပုံ သုံးယောက်ထဲက နှစ်ယောက်က သူတို့ ကမ်ပိန်းလုပ်နေတုန်း ဖမ်းသွားတာ"
စက်တင်ဘာ ၂၇ ရက်နေ့က ပခုက္ကူ တက္ကသိုလ်အတွင်း ပခုက္ကူနဲ့ မန္တလေး သမဝါယမ ကောလိပ်က ကျောင်းသား အဖွဲ့ဝင် ငါးဦးကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်တက္ကသိုလ်က ကျောင်းသား နှစ်ဦးကို စက်တင်ဘာ ၂၈ ရက် မနေ့နေ့လယ်ပိုင်း ပညာဒါနကျောင်းမှာ ရှိနေချိန် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပခုက္ကူက ငါးဦးနဲ့ မန္တလေး ရတနာပုံ တက္ကသိုလ်က သုံးဦးကို မန္တလေးမြို့ အမှတ် ၆ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂၈ ရက်နေ့က ချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ သူတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က၊ ခ တို့အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အရေးယူထားတာလို့ ဆိုပါတယ်။
သူတို့အားလုံးကို အမှတ် ၆ စခန်းက တရားလိုလုပ်ပြီး ရုံးတင်ခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး တောင်းဆိုနေသူတွေကို ငြိမ်းစုစီ ဥပဒေအရ အရေးယူတာလို့ ပြောနိုင်ပေမယ့် ကြီးလေးတဲ့ ပုဒ်မတွေတပ် အရေးယူတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ရန်ကုန်မြို့က နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ထောက်ပြဝေဖန်ပါတယ်။
"ငြိမ်းချမ်းရေးလိုချင်ရင် သဘောထားကြီးဖို့လိုအပ်တယ် သဘောထားမကြီးရင်တော့ ငြိမ်းချမ်းရေး ရဖို့မလွယ်ဘူး ဖမ်းဆီးတယ်ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ ဒါငြိမ်းစုစီနဲ့ ငြိလို့ဆိုပြီး ဥပဒေကြောင်းအရ ဖမ်းဆီးရင်တော့ရတာပေါ့ ဒါပေမဲ့ ပြင်းထန်တဲ့ဥပဒေတွေနဲ့ အရေးမယူဖို့တော့ လိုအပ်မယ်ထင်ပါတယ်။"
လုံခြုံရေးအရ အမည်မဖော်လိုသူ မိခင်တစ်ဦးက အထိန်းသိမ်းခံနေရတဲ့ သားကို မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် တွေ့ချင်နေကြောင်း ပြောပါတယ်။
"ကျမသားကို အရမ်းတွေ့ချင်နေတာ ကွဲကွာနေတာလည်းကြာတော့ တွေ့ချင်နေတာပါ ဒါပါပဲရှင် အဲဒီကိစ္စတွေဖြစ်ထဲက မတွေ့ရတော့တာပဲ"
ပြည်တွင်း ငြိမ်းချမ်းရေးကို လိုချင်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့အညီ တောင်းဆိုခဲ့ရာမှာ မိဘတွေအနေနဲ့ စိုးရိမ်မယ်ဆိုတာကို နားလည်ပါတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ပြီး ရှောင်တိမ်းနေရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသား ကိုမောင်စွမ်းပြည့်ထွန်းက ပြောပါတယ်။
"ပြည်တွင်းငြိမ်းချမ်းရေးကို ရချင်လို့ ပြည်တွင်းစစ်ကိုရပ်ဖို့ အော်တာ ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်နေတာ လူထောင်သောင်းနဲ့ လူအုပ်ကိုမဖမ်းပဲ ကျနော်တို့ကို ဒီလို မတရားပုဒ်မ တပ်နေတာ မရိုးသားဘူးလို့ထင်တယ်။ ဒါကို ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ တိမ်းရှောင်နေရတော့ အိမ်နဲ့ အဆက်အသွယ် လုပ်လို့မရဘူး နေတဲ့နေရာမှာ ချို့ချို့တဲ့တဲ့ပဲ ဆက်နေနေရတယ်၊ မိဘကလည်း စိတ်ပူတာပါပဲ ဒါပေမဲ့ ကိုစိုးလှနိုင် ပြောသလိုပေါ့ မိဘတွေကလည်း စိတ်ပူတာပဲ အမေကလည်းငိုတာပါပဲ ဒါပေမဲ့ ပြည်သူ့မျက်ရည်တွေကို သုတ်ပေးဖို့ ကျွန်တော်ကို့ ဗကသထဲမှာ ဆက်နေနေတာပါ"
ပြည်တွင်း ငြိမ်းချမ်းရေးကိုရချင်လို့ ပြည်တွင်းစစ်ရပ်ဖို့ အော်တာကို ဖမ်းဆီးတာဟာ တပ်မတော်ရော အစိုးရအနေနဲ့ပါ ပြည်တွင်းငြိမ်းချမ်းရေးကို မလိုချင်တာကြောင့်ဖြစ်တယ်လို့ ရှုမြင်ကြောင်း သူက ဆိုပါတယ်။
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး တောင်းဆိုတာနဲ့ ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို သမ္မတအိမ်တော် သတင်းထောက်များ အွန်လိုင်း စာမျက်နှာကနေ RFA က မေးခွန်း ပေးပို့ပြီး ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ကျောင်းသားတွေ ပြည်တွင်းစစ်ရပ်ဖို့တောင်းဆိုတာကို ထောက်ခံပေမယ့် လုပ်ကိုင်ပုံမမှန်တဲ့အတွက် ဖမ်းဆီးအရေးယူခံရတာလို့မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုပြန်ကြားရေး အတွင်းရေးမှုး မုံရွာအောင်ရှင်က သူ့အမြင်ကိုပြောပါတယ်။
"ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စက ဘာမှမပြောလိုပါဘူး သူတို့ကြွေးကြော်သံတွေ သူတို့ကိုင်ဆွဲတဲ့ ဘုတ်ပြားတွေမှာ ရေးထားတာ ပြုထားတာရှိချင်ရှိမှာပေါ့ သူတို့ဆောင်ပုဒ်တွေမှာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါကောင်းပါနိုင်လိမ့်မယ် အဲဒါကြောင့်ဆွဲတယ်လို့ မြင်ပါတယ်။"
အဲဒီ စတစ်ကာလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး မန္တလေး၊ ပျော်ဘွယ်၊ မုံရွာ၊ တန့်ဆည်၊ တောင်ငူနဲ့ ပြည်မြို့တွေမှာ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေက စတေကာ လှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား သုံးဦးကလည်း ရခိုင်ဒေသ မြန်နှုန်းမြင့် အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့နဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြခဲ့တာကြောင့် ငြိမ်းစုစီ ဥပဒေအပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါပေမဲ့ ဥပဒေရုံးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ မငြိစွန်းဘဲ ငြိမ်းစုစီဥပဒေနဲ့သာ တရားစွဲသင့်တယ်လို့ အကြံပြုတာကြောင့် ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေဟာ အာမခံနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းတစ်သောင်းကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စက်တင်ဘာလ ၁၃ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခုနစ်သောင်း ခြောက်ထောင်ကျော် ရှိပါတယ်။
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ရေးပဋိပက္ခတွေစတင်ဖြစ်ပွားတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့အထိ သေဆုံးသူ ၂၉၂ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၅၃ ဦး ရှိနေပြီဖြစ်ပါတယ်။