ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ ဥက္ကဌနဲ့ ဒုဥက္ကဌကို ခန့်အပ်
2017.08.22

UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ ဥက္ကဌအဖြစ် UWSP "ဝ" ဥက္ကဌ ဦးပေါက်ယူချမ်းနဲ့ ဒုဥက္ကဌအဖြစ် KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ကို ခန့်အပ် လိုက်တယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။
FPNCC လို့ ခေါ်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို စတင်ဖွဲ့စည်းစဉ်ကတည်းက ဗိုလ်ချုပ်ကြီး အန်ဘန်လ ကို ဒုဥက္ကဌအဖြစ် ရည်ရွယ်ထားခဲ့တာဖြစ်ပြီး အဲဒီအချိန်က UNFC အဖွဲ့ကနေ KIO မနှုတ်ထွက်ရသေး တာကြောင့် တရားဝင် ခန့်အပ်တာမရှိခဲ့ဘူးလို့ ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။
"ကျနော်တို့က နဂိုက ရာထားပြီးသားဖြစ်တယ်၊ ဒီ FPNCC ရဲ့ ဥက္ကဌက ဦးပေါက်ယူချမ်း၊ ဒုဥက္ကဌ က ဗိုလ်ချုပ်ကြီး အင်ဘန်လ လို့ ရာထားတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ကျနော်တို့ဖွဲ့စည်းတုန်းက UNFC ထဲမှာ ရှင်းလင်းဖို့လိုတယ်၊ အဲဒီနေရာမှာ နာမည်ကွက်လပ်ချန်ထားတာဖြစ်တယ်၊ အခုအစည်းအဝေးကျတော့ UNFC မှာလည်း ရှင်းလင်းပြီးဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကော်မတီမှာ ဒုဥက္ကဌအဖြစ် အလုပ်လုပ်သွားမယ်ဆိုတဲ့ သဘောပါ၊ အတွင်းရေးမှူးအဖွဲ့ကို ဦးဆောင်တာကတော့ ဦးကျောက်ကော် အန်းပါ"
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကစပြီး "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ဖွဲ့က ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပနေတာဖြစ်ပါတယ်။
အဲဒီ ပန်ဆန်းအစည်းအဝေးမှာ SSPP/SSA ဒုက္ကဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင် က SSPP ရှမ်းပြည်တိုးတက်ရေးပါတီဟာ UNFC အဖွဲ့က နှုတ်ထွက်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က အကြောင်းကြားထားပြီးဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
UNFC ဥက္ကဌ နိုင်ဟံသာ ခေါင်းဆောင်တဲ့ အဖွဲ့တွေကလည်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ နဲ့ တွေ့ဆုံဖို့ ပန်ဆန်းကို ရောက်နေတယ်လို့ ဗိုလ်မှူးချုပ် တာဖုန်းကျော်က အတည်ပြု ပြောကြားပါတယ်။
"ဝ" ခေါင်းဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီဟာ မူလက NCA အပစ်ရပ်စာချုပ် လမ်းကြောင်းအတိုင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းနဲ့ ဆွေးနွေးမယ်လို့ ပြောဆိုထားတဲ့အဖွဲ့ဖြစ်ပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံပြီးကတည်းက အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေမှာရှိပါတယ်။
ဒီအစည်းအဝေးမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ နည်းလမ်းရှာဖွေသွားဖို့ရှိနေပြီး ဆွေးနွေးပွဲရလဒ်ကို သတင်းထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင့်တပ်မတော် AA နဲ့ မိုင်းလားအဖွဲ့တို့ ပါဝင်ပါတယ်။