စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ပြင်သစ်ထောက်ခံ

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အဆိုကို ပြင်သစ်အစိုးရက ထောက်ခံလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲ အတွင်း ပြင်သစ်အစိုးရက လူသိထင်ရှား ကြေညာခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံထဲက နိုင်ငံတကာပြစ်မှု ကျုးလွန်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း ၄ ခုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2010.09.23
saffron_killings_france_305_z.jpg ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုတွင် စစ်အစိုးရ၏ အကြမ်းပစ်ခတ် နှိမ်နင်းမှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ ဓာတ်ပုံကို ကိုင်ဆောင်ရင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့လယ်တွင် ၂၀၀၇ စက်တင်ဘာ ၂၉ ရက်က ကန့်ကွက် ဆန္ဒပြနေသူတဦး ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အလားတူပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီၤ ညီလာခံမှာလည်း ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံက လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုတွေရှိနေကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဆိုပြုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ပြင်သစ်က ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်က ထောက်ခံတာဟာ မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုပါလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင်က ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒါကတော့ အင်မတန် အရေးကြီးတဲ့ တိုးတက်မှု တရပ်ပါပဲ။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထောက်ခံတာ အခု ဒီ နောက်ဆုံး ထောက်ခံတဲ့ ပြင်သစ်နိုင်ငံ ပါလို့ရှိရင် ၁၀ နိုင်ငံ ရှိသွားပြီပေါ့။ ဆိုတော့ ဒီ နိုင်ငံတွေရဲ့ ထောက်ခံမှုက အင်မတန် အရေးကြီးပါတယ်။ နောက် ဒီနိုင်ငံတွေကလည်း အားကောင်းတဲ့ နိုင်ငံတွေ ဖြစ်တဲ့အခါကျတော့ ဒီ ၁၀ နိုင်ငံက နေပြီးတော့ ဒီထက် ပိုများတဲ့ နိုင်ငံတွေ ပိုပြီး ထောက်ခံလာလိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ အဲဒီလို ထောက်ခံတဲ့ နိုင်ငံတွေ များလာတာနဲ့အမျှ အခု ကုလသမဂ္ဂကနေပြီးတော့ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီ လူသားမျိုးနွယ်စု တရပ်လုံးကို ပစ်မှတ်ထားပြီး ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင် ဖွဲ့ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒီ ဆုံးဖြတ်ချက်တရပ် ချနိုင်ဖို့ အခြေအနေက ပိုပြီးတော့ နီးကပ်လာတယ်လို့တော့ ကျွန်တော်တော့ မြင်တယ်ဗျ။”

ပြင်သစ်အစိုးရက ဒီလိုထောက်ခံတာနဲ့ပတ်သက်ပြီး ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်တဲ့ FIDH, Info-Birmanie, ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ခွဲတို့က ကြိုဆိုလိုက်ပါတယ်။

လက်ရှိအချိန်အထိ မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ အဆိုကို တရားဝင် ထောက်ခံတဲ့ နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ချက်သမတနိုင်ငံ၊ စလိုဗက်ကီးယား၊ ပြင်သစ်၊ နယ်သာလန်၊ ဟန်ဂေရီနဲ့ နယူးဇီလန်နိုင်ငံ တွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။