သောကြာ ဆုတောင်းအဖွဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပ

နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သောကြာ ဆုတောင်းအဖွဲ့က ဒီကနေ့ မနက် ၇ နာရီမှာ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ ပဏ္ဍိစ္စာ ရာမ ပရိယတ္တိကျောင်းတိုက်မှာ သံဃာတော်အပါး (၁၀၀) ကျော်ကို အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။

2012.04.17
daw-naw-ohn-hla-friday-prayer-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၁၇ ရက်က မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် ပဏ္ဍိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် သောကြာဆုတောင်းအဖွဲ့က သက်ကြီးပူဇော်ပွဲ ကျင်းပနေစဉ်။
RFA

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးညွှန့်လွင်တို့ အပါအဝင် အသက် (၇၀) အထက် ဘိုးဘွားဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီသက်ကြီးပူဇော်ပွဲမှာ လှူဖွယ်ပစ္စည်း (၇) မျိုး စုပေါင်းလှူဒါန်းခဲ့ပြီး ဒါဟာ နှစ်စဉ်နှစ်တိုင်း ဒီလိုဆုတောင်းလှူဒါန်းမှု ပြုခဲ့တာ (၇) နှစ်မြောက်ဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့လည်း ပြုလုပ်တာပါလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ရည်ရွယ်ချက် (၃) ခုနဲ့ ဆုတောင်းကုသိုလ် ပြုကြတာပါလို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သောကြာဆုတောင်းအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။

“ရည်ရွယ်ချက်တွေက မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နောက်တစ်ခုက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရယ် နောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးကို ကျွန်မတို့က အဓိက ဦးထိပ်ထားပြီးတော့ ရည်ရွယ်ချက ်(၃) ခုနဲ့ပေါ့”

ဒီအခမ်းအနားမှာ သောကြာ ဆုတောင်းအဖွဲ့ဝင်ပေါင်း (၅၀) ကျော်ပါဝင်ခဲ့ပြီး မနက် (၁၀) နာရီမှာတော့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ ဇီဝိတဒါန ငါးလွှတ်ပွဲကိုလည်း အခြားအဖွဲ့အစည်း အသီးသီးနဲ့အတူ အင်းလျားကန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။