ပူတာအိုမှာ စက်သုံးဆီဈေးတင်‌ရောင်းသူတွေကို အရေးယူမယ်လို့ KPDF သတိပေး

RFA Burmese
2024.05.11
ပူတာအိုမှာ စက်သုံးဆီဈေးတင်‌ရောင်းသူတွေကို အရေးယူမယ်လို့ KPDF သတိပေး ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီဆိုင်တစ်ဆိုင် ပိတ်ထားသည်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Citizen Journalist

စက်သုံးဆီပြတ်လပ်နေတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စက်သုံးဆီကိုသိုလှောင်ထားပြီး အဆမတန်ဈေးတင်ရောင်းချသူတွေကို အရေးယူသွားမယ်လို့ ပူတာအိုဒေသ အခြေစိုက် KPDF ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က မေလ ၉ ရက်နေ့မှာ ထုတ်ပြန်သတိ‌ပေးထားပါတယ်။

စက်သုံးဆီကို ဈေးအဆမတန် တင်ရောင်းနေရင် လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ပူတာအို ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ပူးတွဲထုတ်ပြန် သတိပေးခဲ့တာပါ။

မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်း ပိတ်ပြီးနောက် ပူတာအိုမြို့ပေါ်မှာ ဆီတစ်လီတာကို တစ်သိန်းခန့်အထိဖြစ်နေပြီး ၀ယ်လို့လည်းမရဘူးလို့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆီပန့်ဆိုင်တွေ အကုန်မဖွင့်တော့ဘူ။ လူတွေလည်း ဆိုင်ကယ်တောင် မစီးနိုင်ကြတော့ဘူး။ ဟိုသွားဒီသွားတောင် လမ်းပဲလျှောက်နေရတယ်။ အခုမှောင်ခိုရောင်းတာတွေ ရှိတယ်လို့တော့ ကြားတယ်။ ဘယ်မှာ ရောင်းမှန်းမသိကြဘူး"

ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုကြားက ရွာအချို့မှာ မေလ ၉ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာကြောင့် ဒီနေ့အထိလမ်းပိတ်နေပြီး မြစ်ကြီးနားကနေတင်ပို့ရတဲ့ စက်သုံးဆီအပါအဝင် ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံစားသောက်ကုန်တွေပါ ပြတ်လပ်နေတာလို့ ဆိုပါတယ်။

ပူတာအိုမြို့ပေါ်က အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီးဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံ‌ဖြေဆိုခြင်းမရှိပါဘူး။

စက်သုံးဆီပြတ်လပ်နေတာကြောင့် နောင်မွန်မြို့နယ်မှာဆိုရင် လူနဲ့ လယ်ထွန်ရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။