ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ
2023.12.18

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာထဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
အသက်သုံးနှစ်ခွဲဝန်းကျင် မောင်သြရထူးလျှံနဲ့ အသက်ခုနစ်ဆယ်ဝန်းကျင် ဒေါ်ထွေးရင်တို့သေဆုံးပြီး ကိုဌေးလင်း၊ ဒေါ်မြနှစ်၊ မဌေးဌေးစု၊ မထွေးစိန်နဲ့ အသက်လေးနှစ်အရွယ် မမေမြတ်ပိုင်တို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၅၀) ထဲကနေ ၁၂၀ - မမ လက်နက်ကြီးနဲ့ ပစ်ခဲ့တာဖြစ်ပြီး ရွာထဲက ဈေးဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရှုံးရှီရွာထဲက ဈေးဆိုင်တစ်ဆိုင်ပေါ်ကျလို့ ဆိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက်ကတော့ ဖြစ်တဲ့နေ့က ဒဏ်ရာရပြီး သေဆုံးတယ်။ အားလုံးပေါင်း ဒဏ်ရာရသူက ငါးဦးရှိတယ်ဗျ"
ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ကိုတိုက်ခိုက်လာမှာကို ကာကွယ်တဲ့ အနေနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြာအတည်မပြုနိုင်သေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။