စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ
2012.05.26

အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။
"ပုလဲ အထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတစ်ယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။ အနိမ့်ဆုံးက ရှစ်ထောင်။ အများဆုံးက တစ်သောင်း နှစ်ထောင်။ အခု နှစ်သောင်းစီပေါ့နော်။ ရှစ်ထောင်သမားကိုလည်း တိုးပေးတယ်။ တစ်သာင်း နှစ်ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"
ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။
အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယာဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။