ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

2012.07.27

ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့ ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့ စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။

"သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်"

ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။

"သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ"

အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ဝန်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။