မြန်မာနိုင်ငံ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဈေးပြိုင်ခေါ်
2011.11.24

Photo: Shwe Gas Movement
မြန်မာအစိုးရက ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် အသစ် ၁၈ ခုအတွက် နိုင်ငံခြားကုမ္ပဏီ အားလုံးကို ဒီရက်ပိုင်းအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံခွင့် ပေးရာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး Sinopec၊ CNPC နဲ့ CNOCC တရုတ်ကုမ္ပဏီကြီး ၃ ခု ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Total ကုမ္ပဏီ၊ ရုရှနိုင်ငံက Gazprom နဲ့ Royal Dutch Shell ကုမ္ပဏီတွေကလည်း အခုလုပ်ကွက်အသစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုအသစ်ခေါ်ယူတဲ့ လုပ်ကွက်တွေက သဘာဝဓာတ်ငွေ့နဲ့ ရေနံ ထွက်ရှိမယ့်ပမာဏ လေ့လာချက်အရ ထွက်ရှိနိုင်မှုကို အားမရတာကြောင့် တရုတ်ကုမ္ပဏီကြီးတွေ မပါဝင်တာလို့ ပြောပါတယ်။ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေကတော့ ရင်းနှီးမြှုပ်နှံလိုပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြောင်း သိရပါတယ်။
လက်ရှိ မြန်မာအစိုးရက ကမ်းလှမ်းထားတဲ့ ကုန်းတွင်းနဲ့ကမ်းလွန် လုပ်ကွက် အသစ် ၁၈ ခုမှာ အဓိက ရင်းနှီးမြှုပ်နှံမှာကတော့ မလေးရှားနိုင်ငံက Petronas၊ ထိုင်းနိုင်ငံက PTT နဲ့ အိန္ဒိယနိုင်ငံက ONGC Videsh ကုမ္ပဏီတွေပါ။
မြန်မာအစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စာရင်းအရ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံထွက်ရှိမယ့် ပမာဏက ကုန်းတွင်းပိုင်းမှာ ပီပါပေါင်း ၁၁၅ သန်းနဲ့ ကမ်းလွန်ပမာဏက ပီပါသန်းပေါင်း ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏက ကုဗပေ ၄၀၀ ဘီလီယမ် ရှိပြီး ကမ်းလွန်မှာတော့ ကုဗပေ ၁၆ တရီလီယမ် ရှိမယ်လို့ သိရပါတယ်။