အခေါက်ရွှေ ရည်ညွှန်းဈေး တစ်ပတ်ကျော်အတွင်း ကျပ်နှစ်သိန်းခန့် မြင့်တက်လာ
2024.09.27
ပြည်တွင်းမှာ အခေါက်ရွှေ ရည်ညွှန်းဈေးဟာ စက်တင်ဘာ ၂၀ ရက်ကနေ ၂၇ ရက် ဒီနေ့အထိ တစ်ပတ်ကျော်အတွင်း ကျပ်နှစ်သိန်းခန့်အထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့မှာ အခေါက်ရွှေ ရည်ညွှန်းစျေး ကျပ် ၅၂ သိန်းဝန်းကျင်ရှိရာကနေ စက်တင်ဘာလ ၂၇ ရက်ဒီနေ့မှာ ကျပ် ၅၄ သိန်းကျော် (၅,၄၀၇,၄၅၁) စျေးမြင့်တက်လာခဲ့တာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ အခေါက်ရွှေ ရည်ညွှန်းစျေး မြင့်တက်လာက ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေလဲလှယ်နှုန်းမှာ အမေရိကန် ဒေါ်လာဈေးနှုန်း အပြောင်းအလဲကြောင့်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အရင် ရွှေစျေးက အတော်ငြိမ်နေတာ။ အခု စျေးနည်းနည်း တက်လာတာကလည်း ဗဟိုဘဏ်ရဲ့ အွန်လိုင်းစနစ် ဒေါ်လာငွေလဲလှယ်နှုန်း အပြောင်းအလဲလာတယ်။ ရွှေစျေးက အဲဒီအပေါ်မှာ အခြေခံပြီး ကမ္ဘာ့ရွှေဈေးနဲ့ တွက်ချက်တာ”
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က နေ့စဥ် အွန်လိုင်းစနစ်အတွက် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ စက်တင်ဘာ ၂၀ ရက်က အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၅၁၉ ကျပ်ရှိပေမဲ့ စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ မြန်မာကျပ်ငွေ ၃၅၂၉ ကျပ်အထိ မြင့်တက်လာပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစပြီး ရွှေထည်ပစ္စည်းတွေအပေါ် အခွန်သုံးရာခိုင်နှုန်း တိုးကောက်ဖို့ စစ်ကောင်စီက သြဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားတာကြောင့် ဒီလကုန်ရင်တော့ ရွှေစျေးအပြောင်းအလဲ ရှိလာနိုင်တယ်လို့လည်း ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြင်ပ ရွှေစျေးကွက်မှာတော့ စက်တင်ဘာ ၂၀ ရက်နေ့ ၂၇ ရက် ဒီနေ့အထိ သီတင်းတစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၆၆ သိန်းဝန်းကျင်ခန့် ရှိပါတယ်။