မန္တလေးနဲ့ ဖားကန့်က ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရ

RFA Burmese
2022.12.20
မန္တလေးနဲ့ ဖားကန့်က ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း နှင့် ၆၃ လမ်း ကြား၊ သခင်ဖိုးလှကြီးလမ်းပေါ် တည်ရှိသည့် မောသစ် ရတနာရွှေဆိုင်ကို တွေ့ရစဉ်။
Google Map

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က မောသစ်ရွှေဆိုင်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်က ကြယ်စင်ရွှေဆိုင်တွေ ဒီဇင်ဘာလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောသစ်ရွှေဆိုင်ပိုင်ရှင်ဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ် (၆၃) လမ်းနှင့် (၁၄၀) လမ်းနားက နေအိမ်ရှေ့မှာ ရွှေဆိုင်သို့ သွားဖို့ပြင်နေတုန်း ဓားပြတိုက်ခံလိုက်ရတာဖြစ်တယ်လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

"ရွှေဆိုင်ပိုင်ရှင်က ရွှေဆိုင်သွားဖို့ ခြင်းထဲရွှေထည့်ပြီး ကားထဲမှာထည့်နေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ နှစ်ယောက် သေနတ် ၃ ချက်ဖောက်ပြီး အိမ်ရှေ့မှာ ဓားပြတိုက်သွားတယ်"

မောသစ်ရွှေဆိုင် တာဝန်ရှိသူတစ်ဦးကလည်း ဒီသတင်းကို အတည်ပြုပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ထုတ်မပြောပါဘူး။ မန္တလေးမှာ မောသစ်ရွှေဆိုင်ဓားပြတိုက်ခံရတာ သုံးကြိမ်ရှိပါပြီ။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်က ကြယ်စင်ရွှေဆိုင်လည်း ဒီမနက် ၉ နာရီကျော်မှာ လူသုံးဦးက ဓားပြတိုက်ခဲ့ပါတယ်။ SK တံဆိပ်ပါတဲ့ လက်စွပ်ကွင်း ၁၀၀ ကျော် ပါသွားတယ်လို့ ဒီအကြောင်းကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လူ ၃ ယောက် သေနတ်တွေနဲ့လာပြီး ဓားပြတိုက်သွားတာ။ မီးမလာလို့ ရွှေဆိုင်ကလည်း CCTV မှတ်တမ်းတွေလည်း မရှိဘူး။ ရွှေဆိုင်မှာထားတဲ့ ပိုက်ဆံနဲ့ လက်စွပ်ကွင်း ၁၀၀ ကျော်တော့ ပါသွားတယ်"

ရွှေဆိုင်ဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက ဒီကနေ့ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြည်တွင်းသတင်းတွေရဲ့ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်တွေ၊ ရွှေဆိုင်တွေနဲ့ ဖုန်းအရောင်းဆိုင်တွေ ဓားပြတိုက်၊ အနုကြမ်းစီးခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။

လုံခြုံရေးကဏ္ဍ ကျွမ်းကျင်သူတွေကတော့ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံအတွင်း လုံခြုံရေးအခြေအနေတွေ သိသိသာသာ ဆိုးဝါးလာနေတယ်လို့ သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။