ကပ်ဘေးကာလ အစိုးရထောက်ပံ့မှု ပိုမိုစနစ်ကျဖို့ တိုက်တွန်း

ဖြူဖြူခိုင်
2020.05.17

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုတွေကို ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အတွင်း လုပ်ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ မဖြစ်မနေ လိုအပ်နေသူတွေအားလုံးထံကို ရောက်ရှိရေး စနစ်တကျ စာရင်း ကောက်ယူဖို့ ပြောဆိုမှုတွေရှိလာပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှု ပြင်ဆင်နေတာပါ။ ဒီတစ်ခေါက်မှာတော့ ပစ္စည်းတွေ ထောက်ပံ့မှာ မဟုတ်ဘဲ ငွေကျပ် အနည်းဆုံး သုံးသောင်းကနေ လေးသောင်းခန့် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဒီတစ်ခေါက်မှာတော့  ပိုပြီးတော့ စနစ်တကျနဲ့ အချိန်ယူပြီးတော့ လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ အလွန်ဆုံး နှစ်ပတ်ပေါ့နော်။ နှစ်ပတ်အတွင်းဆောင်ရွက်နိုင်ဖို့ မှန်းထားတယ်။ တကယ့် ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေ ပြည့်စုံဖို့အတွက် ရပ်ကျေးအဆင့်အထိ ပုံစံတွေချပေးပြီးတော့ သူတို့ ဥပမာ လုပ်ငန်းအမျိုးအစားတွေ ရေးထားမယ်။ အဲဒီအထဲက သူနဲ့သင့်တော်တဲ့ဟာကို အမှတ်ခြစ်လိုက်ရုံပဲ။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ စာရင်းကောက်ယူမယ်။ စာရင်းမှန်မှန်ဖြစ်ရေးကို အခြေခံပြီးတော့မှပဲ သက်ဆိုင်တဲ့ အွန်လိုင်း Payment လုပ်နေတဲ့သူတွေနဲ့ ဆောင်ရွက်သွားဖို့ လုပ်ထားတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးကတော့ လုပ်ဖို့မှန်းထားတယ်။ ဒါပေမဲ့ နှစ်ပတ်ကနေ သုံးပတ်အထိ အချိန်ယူရမယ်လို့တော့ ယူဆထားတယ်“

ငွေကြေးထောက်ပံ့မှုတွေအတွက် ဒေသအလိုက် အဆင်ပြေပြေ ထုတ်ယူနိုင်မယ့် ငွေလွှဲဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒုတိအကြိမ် ငွေကြေးထောက်ပံ့ဖို့အတွက် ပထမအကြိမ်က ထောက်ပံ့ပေးခဲ့တဲ့ စာရင်းမှာ မပါဝင်ခဲ့သူတွေကို ထပ်ပြီးစာရင်းကောက်ခံသွားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“အခုအချိန်အထိတော့ ညွှန်ကြားချက် မရှိသေးဘူူး။ ညွှန်ကြားချက်ရှိလာလို့ ဆောင်ရွက်တဲ့အခါမှာ အဓိကတော့ ထိခိုက်လွယ်တဲ့ အခြေခံလူတန်းစား ဖြစ်ရမယ်။ အဲဒီအခြေခံလူတန်းစားအားလုံး ပါဝင်ရဖို့ ဆောင်ရွက်သွားမှာပါ။ ဒီတစ်ခါ ငွေရေးကြေးရေး ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ အရင်စားသောက် ကုန်တွေထက် ပိုပြီးတော့ ခိုက်ရန်ဒေါသတွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မှန်မှန်ကန်ကန် မျှမျှတတလုပ်ဖို့ လိုအပ်ပါတယ်“

အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က အခြေခံ လူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်တွေကို ထောက်ပံ့ခဲ့ပါသေးတယ်။ ဒီလိုထောက်ပံ့မှုမှာ တကယ်လိုအပ်နေတဲ့ သူတွေလက်ထဲ မရောက်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာ သမီးတစ်ယောက်နဲ့ နေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေတဲ့ ဒေါ်အေးအေးခိုင်ကတော့  ပုံမှန်ဝင်ငွေလည်း မရှိတဲ့အပြင် တကယ်လိုအပ်နေပေမယ့်  ထောက်ပံ့မှု မရခဲ့သူ တစ်ဦးပါ။

“စာရင်းလာကောက်တာ ကျွန်မ မပါဘူး။ အဝတ်လျှော်စားတာ။ အဲဒါကို မရဘူးတဲ့။ ကျွန်မတို့ကတော့ လိုချင်တာပေါ့နော်။ အဆင်မပြေတဲ့အချိန်မှာ သူများတွေတော့ ရပြီး ကိုယ်မရဘူးဆိုတော့“

အောက်ခြေမှာရှိတဲ့ တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် သက်ဆိုင်ရာ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက တိတိကျကျ စာရင်းကောက်ယူတင်ပြပေးနိုင်မှ လိုအပ်နေသူလက်ထဲ ထောက်ပံ့ငွေ ရောက်နိုင်မှာဖြစ်တယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်အေးငွေက ဆိုပါတယ်။

“အန်တီတို့ရပ်ကွက်မှာတော့ စာရင်းလာမကောက်သေးဘူး။ ပထမအကြိမ်မှာတောင် တကယ်လိုအပ်တဲ့ သူတွေကို စုံစုံလင်လင် ပါမသွားဘူးလေ။ အဲဒါက ရာအိမ်မှူးတွေအပေါ်မှာပဲ မူတည်တယ်။ ဒီရာအိမ်မှူးတွေက ကိုယ့်လက်အောက်မှာရှိတဲ့ ကိုယ်ကြည့်နေရတဲ့ ဒီရပ်ကွက်ထဲကလူတွေရဲ့ အကြောင်းကို ရှိတာလဲ သူသိရမယ်။ မရှိတာလဲ သူသိရမှာပေါ့။ သူကိုယ်တိုင်က စိတ်မဝင်စားဘူး။ သူ့ဟာနဲ့သူ လုပ်ချင်သလို လုပ်သွားမယ်ဆိုရင် အခုငွေကြေးဆို ပိုတောင်ဆိုးဦးမယ်။ ပထမအကြိမ်မှာတောင်မှ စုံစုံလင်လင် မပါဘူး။ သူထည့်ချင်တဲ့သူကို ထည့်ပေးလိုက်တယ်ဆိုတော့လေ“

ပထအကြိမ် ထောက်ပံ့မှုစာရင်းကောက်ခံတုန်းက အချိန်မရဘဲ ကောက်လိုက်တာဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့ အိမ်ထောင်စုတွေ ရှိခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆိုပါတယ်။

“အရေးပေါ်ပေါ့နော်။ မနက် အစည်းအဝေးခေါ်တယ်။ နေ့ခင်း စာရင်းကောက်တယ်။ ညနေ အပြီးသိမ်းရတဲ့ အပေါ်မှာ တချို့လည်း ကျန်ခဲ့ကောင်း ကျန်ခဲ့ပါလိမ့်မယ်။ ကျန်ခဲ့တာတွေကိုလည်း စာရင်းပြုစုပြီးတော့ နောက်တိုးတင်ပေးတဲ့အတွက် နောက်တိုးကိုလည်း အကုန်ပေးပါတယ်“

အစိုးရအနေနဲ့ ပထမအကြိမ် ထောက်ပံ့တုန်းက တစ်နိုင်ငံလုံးက အခြေခံအိမ်ထောင်စုပေါင်း လေးသန်းနီးပါးကို ကျပ် နှစ်သောင်းတန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ဘီလီယံ ၅၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒုတိယအကြိမ် ထောက်ပံ့မှုတွေ လုပ်ဆောင်ရာမှာ ငွေကြေးဖြစ်နေတဲ့အတွက် အခြေခံလူတန်းစားအားလုံး ပါဝင်နိုင်အောင် လက်လှမ်းမှီရာ စာရင်းကောက်ယူတာမျိုး မျှမျှတတ ဂရုတစိုက် ဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။