ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်ချရဲဖို့ သတ္တိလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ သတ္တိလိုသလို နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရေးအတွက်လည်း သတ္တိလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။
-
2018-10-15 -
-
-
တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ သတ္တိလိုသလို နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရေးအတွက်လည်း သတ္တိလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။
နေပြည်တော် ရွှေစံအိမ် ဟိုတယ်မှာ ဒီနေ့စတင် ကျင်းပနေတဲ့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်သီး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီတေ့ွဆုံပွဲမှာ ဆုံးဖြတ်ချက်ချပေးနိုင်မယ့် ခေါင်းဆောင်တွေ တက်ရောက်တာဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို သတ္တိရှိရှိ မချမှတ်နိုင်ဘူးဆိုရင် ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အစည်းအဝေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တို့လည်း တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခွဲမထွက်ရေး ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းတာဟာ တိုင်းရင်းသားတွေအပေါ် မယုံကြည်လို့မဟုတ်ဘဲ ရေရှည်အတွက် အာမခံချက်ရှိဖို့၊ တစ်ဦးနဲ့ တစ်ဦး သံသယ ကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေး ရချင်လို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နေ့လယ်ခင်း အစည်းအဝေးကို မတက်တော့ဘဲ ခန်းမထဲကနေ ထွက်ခွာသွားသလို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် လည်း ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဒီထိပ်သီးအစည်းအဝေးမှာ အစိုးရ၊ တပ်မတော် နဲ့ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။