နေပြည်တော် ထိပ်သီးဆွေးနွေးပွဲ ခေါင်းဆောင်အားလုံးတက်မည်
2018.10.13

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့တွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးနဲ့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ် ရွက်ဆစ်တို့အပါအဝင် ၁၀ ဖွဲ့စလုံးက ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။
ဒီကနေ့ နေပြည်တော် NRPC ရုံးမှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ အကြို တွေ့ဆုံညှိုနှိုင်းရေးအစည်းအဝေးအပြီးမှာ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက RFA ကို ပြောခဲ့တာဖြစ်ပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
အရင်က အဲဒီထိပ်သီးအစည်းအဝေးကို ပုပ္ပားမှာကျင်းပဖို့ အစိုးရကစီစဉ်ထားပေမယ့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေနဲ့ ညှိနိုင်းမှုတွေပြုလုပ်ခဲ့ပြီး နေပြည်တော်မှာ ကျင်းပဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတဲ့ အပိုင်းတွေက တစ်ခုတည်းသာ တပ်မတော်ကို လက်ခံဖို့ တောင်းဆိုထားတဲ့ကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးလို့ သဘောတူရေး Package Deal နဲ့ ဆိုင်တဲ့ ကိစ္စတွေအပြင် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုအပိုင်းနဲ့ NCA ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ နားလည်မှုကွဲလွဲတာတွေကို ညှိနှိုင်းလိုတယ်လို့ KNU က ပြောထားပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ဆွေးနွေးပွဲ နေရာကိုတော့ မနက်ဖြန်မှာ အစိုးရဖက်က ကြေညာပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။