ပုပ္ပါးဆွေးနွေးပွဲဟာ နိုင်ငံတကာဖိအားတွေ လျော့ချဖို့ ဖြစ်နိုင်ကြောင်း IKO ကြေညာချက်ထုတ်
2018.10.11

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် ပုပ္ပါး ဆွေးနွေးပွဲဟာ နိုင်ငံတကာဖိအားတွေကို လျော့ချရေးအတွက် အသုံးချနိုင်တယ်လို့ ယူဆကြောင်း နိုင်ငံတကာမှာ ရှိတဲ့ ကရင်အဖွဲ့အစည်း IKO က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တပ်မတေ်ာ ခေါင်းဆောင်တချို့ကို ICC နိုင်ငံတကာခုံရုံးမှာ တရားစွဲဖို့ နိုင်ငံတကာက ကြိုးပမ်းနေသလို နိုင်ငံတော် အတိုင်ပင်ခံရဲ့ ခေါင်းဆောင်မှုပိုင်းကိုလည်း ဝေဖန်ရှုတ်ချနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဖိအားလျော့ချရေး အသုံးချနိုင် တယ်လို့ IKO အဖွဲ့က ပြောခွင့်ရ မန်းအိုလန်ဒို က RFA ကိုပြောပါတယ်။
"မြန်မာစစ်ခေါင်းဆောင်တချို့ကို ခုံရုံးတင်ဖို့ လုပ်ဆောင်နေတဲ့အချိန် အရှိန်အဟုန်ကလည်း တဖြည်းဖြည်းမြင့် လာတယ်ပေါ့နော်၊ ဒီလိုမြင့်လာတဲ့အပေါ်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကော NLD အစိုးရအပါအဝင် ဝေဖန်မှုတွေ၊ ပစ်တင်မှုတွေ အဲဒါတွေရှိလာတဲ့အပေါ်မှာ တိုင်းရင်းသားတွေကို အကူယူပြီးတော့ သူတို့နဲ့အတူတူ ပါပဲ ဆိုတဲ့ဟာကို ကာဗာယူတဲ့ပုံစံမျိုးနဲ့ လုပ်တာမျိုးလို့ ကျနော်တို့ ယူဆပါတယ်။"
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက်ကို အသေစွဲကိုင်ထားတဲ့ ကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဟာ ကြန့်ကြာနေဦးမှာဖြစ်ပြီး နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာရှိတယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။
NCA လက်မှတ်ထိုးတာ ၃ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ပုပ္ပားမှာ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ အစိုးရက အဆိုပြုထားတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တခုထဲသော တပ်မတော်ဖြစ်ရေးကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးအပါအဝင် NCA အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမူ မတူညီတာတွေဟာ ငြိမ်းချမ်းရေးမှာ တစ်ဆို့နေတဲ့ အကြောင်းတွေဖြစ်လို့ အလေးထားဆွေးနွေး ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။
IKO အဖွဲ့ဟာ အာရှပစိဖိတ်၊ ဥရောပ ၊ အမေရိကန်၊ ကနေဒါ ဒေသတွေမှာရှိတဲ့ နိုင်ငံပေါင်း ၃၀ က ကရင် တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ခေါင်းဆောင်တွေဟာ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပုပ္ပါးမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့မှာကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။