အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်မှာလုပ်ဖို့ ဆုံးဖြတ်
2018.10.11

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ လ ၁၅ ရက်နေ့မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အားလုံးတက်ရောက်ဖို့ ဒီကနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ သဘောတူခဲ့ကြပြီး ပုပ္ပါးမှာ မဟုတ်ဘဲ နေပြည်တော်မှာ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
NCA အပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ တက်ရောက်မယ့် အဖွဲ့တွေနဲ့ ရက်ရွှေ့ပြောင်းလိုတဲ့ အဖွဲ့တွေအကြား အငြင်းအခုန် ဖြစ်ခဲ့ကြ ပြီးနောက် သတ်မှတ်ရက်မှာ အားလုံးတက်ရောက်ဖို့နဲ့ နေပြည်တော်မှာ ဆွေးနွေးပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေက ရက်ရွှေ့လိုကြောင်းနဲ့ မွန်ပြည်သစ်ပါတီက အားလုံးပါဝင်မှ တက်ရောက်မယ်၊ အားလုံးမပါရင် မတက်ရောက်ဘူးလို့ သဘောထားပေးခဲ့ပြီး ကျန်အဖွဲ့တွေကတော့ သတ်မှတ်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တက်ရောက်မယ်ဆိုပြီး သဘောထားကွဲနေခဲ့တာ ဖြစ်ပါတယ်။
KNU နဲ့ RCSS အဖွဲ့တွေ ရက်ရွှေ့လိုတာကတော့ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်ချိန်ရဖို့နဲ့ ဆွေးနွေးမယ့်နေရာ အခြေအနေ အပါအဝင် နှစ်ဖက်ထိပ်သီးဆွေးနွေးမယ့် အချက်အလက်တွေကို စိစစ်လိုသေး တာကြောင့် ပြင်ဆင်ချိန်ရရှိဖို့ဖြစ်တယ်လို့ ABSDF ဥက္ကဋ္ဌ ဦးသံခဲ က ပြောပါတယ်။
မူလက အဲဒီအလွတ်သဘော ထိပ်သီးဆွေးနွေးပွဲကို ပုပ္ပါးမှာကျင်းပဖို့ အစိုးရက အဆိုပြုထားတာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့တွေက ရန်ကုန်မှာ ပြုလုပ်ဖို့ အစိုးရကို တောင်းဆိုခဲ့ပေမဲ့ အစိုးရက နေပြည်တော်မှာကျင်းပဖို့ ပြန်လည်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးနဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ကြီး ယွက်စစ် တို့အပါအဝင် ထိပ်သီးခေါင်းဆောင် ၁၀ ဦး တက်ရောက်မှာဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ကတော့ ကျန်းမာရေးအခြေအနေကြောင့် တခြားထိပ်သီးခေါင်းဆောင် တစ်ဦးနဲ့ အစားထိုး တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ချင်းမိုင်ဆွေးနွေးပွဲအကြောင်း တင်ပြဖို့ရှိပါတယ်။