KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ
2014.04.14

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။
"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး စိတ်ပါဝင်စားတဲ့သူများ မိတ်ဆွေများနဲ့ ဖြစ်နိုင်လို့ရှိရင်တော့ ဒီမှာရှိတဲ့အစိုးရပိုင်းက တာဝန်ရှိတဲ့သူများကို ကျနော်တို့အခြေအနေလေး တင်ပြနိုင်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ လေးယောက်လာပါတယ်"
ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာလို့သိရပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေ၊ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၂ ရက်ကြာ နေထိုင်မယ်လို့သိရပါတယ်။