ရေဖြူမြို့၊ ကျခတ္တပင်အင်းရွာသား လေးဦး ပစ်သတ်ခံရ၊ တစ်ဦး ဒဏ်ရာရ

2022.10.24
ရေဖြူမြို့၊ ကျခတ္တပင်အင်းရွာသား လေးဦး ပစ်သတ်ခံရ၊ တစ်ဦး ဒဏ်ရာရ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အနောက်ဘက်၊ ကျခတ္တပင်အင်းရွာတစ်နေရာကို တွေ့ရစဉ်။
Photo: MMO Dawei - YouTube Screenshot

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အနောက်ဘက်၊ ကျခတ္တပင်အင်းရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရွာခံ လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရေဖြူဒေသခံတွေက ပြောပါတယ်။

အဲဒီရွာက ကျောင်းဆရာ ဦးဖိုးခိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်အေးမိုးဆွေ၊ ဦးဝင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းတို့ဟာ ညပိုင်း သူတို့အိမ်တွေမှာပဲ ရှိနေချိန် ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့ကလုပ်ခဲ့သလဲဆိုတာ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၂၂ ရက်နေ့က အဲဒီရွာက ကျောင်းဆရာ လင်မယားရယ်၊ တခြား လင်မယားစုံတွဲရယ် သူတို့အိမ်တွေမှာပဲ ပစ်သတ်ခံရတယ်။ အဲဒါအပြင် တခြားအိမ်က အမျိုးသား တစ်ယောက်နဲ့ သမီးနှစ်ယောက်ရှိတဲ့ အိမ်ကိုလည်းဝင်တဲ့အခါ အဖေဖြစ်တဲ့သူ ခြေထောက်ကျိုးသွားတယ်။ ကလေးမလေး နှစ်ယောက်ကို အိမ်မှာ ကြိုးတုပ်ထားခဲ့တယ်။ အဲဒီညက လေးယောက် သေတယ်။ တစ်ဦး ဒဏ်ရာရတယ်။ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ဆိုတာ မထုတ်ဖော်သေးဘူး"

အခြား အိမ်နီးချင်းဖြစ်တဲ့ ဦးဝင်းဦး ဆိုသူကတော့ သေနတ်ထိမှန်ဒဏ်ရာနဲ့အတူ ခြေထောက်ကျိုးသွားတဲ့အတွက် ဆေးကုသနိုင်ရေး ထားဝယ်မြို့က ဆေးရုံတစ်ခုထံ တင်ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ကလည်း ကျခတ္တပင်အင်းရွာ အလယ်တန်းကျောင်းမှာ ဗုံးတွေ့ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ လာရောက်ဖောက်ခွဲရှင်းလင်းခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Dawei Watch မှာ ရေးသားဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းကို စောင့်ကြည့်လေ့လာနေတဲ့ Southern Monitor အဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ တနင်္သာရီတိုင်းမှာ အရပ်သား ၂၆၇ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေက သိသိသာသာ ပိုများနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။