ဂူတာပြင်သတ်ဖြတ်မှုအစိုးရထုတ်ပြန်ချက် ရိုဟင်ဂျာအရေးလှုပ်ရှားမှုအဖွဲ့ ကန့်ကွက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ အရေအတွက်ကို မြန်မာအစိုးရက အပြည့်အစုံ တင်ပြခြင်းမရှိဘူးလို့ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုက ဝေဖန်လိုက်ပါတယ်။
တပ်မတော်ရဲ့စစ်ဆင်ရေးအတွင်း ဂူတာပြင်ရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာအရေတွက် ၂၅ဝ နီးပါးရှိခဲ့ပေမယ့် အစိုးရရဲ့အစီရင်ခံစာမှာ အကြမ်းဖက်သမား ၁၉ ယောက်ကို သုတ်သင်ခဲ့တယ်လို့ ဖော်ပြထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သြဂုတ်လ ၁၂ ရက် ဒီကနေ့ ရက်စွဲနဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (ARSPH) က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
၂ဝ၁၇ သြဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့က ဂူတာပြင်ရွာမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၂၄၃ ယောက် သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ (ARSPH) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အသက်ဘေးက လွတ်မြောက်လာသူတွေဆီကနေ အချက်အလက်တွေကို စုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။
ဂူတာပြင်ရွာ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အရာရှိ နှစ်ဦးနဲ့ စစ်သည် တစ်ဦးကို ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတာကြောင့် အရေးယူခဲ့ကြောင်း ဇွန်လ ၃ဝ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသလို၊ တပ်မတော်ရဲ့ စစ်ခုံရုံးဖွဲ့ တရားစီရင်မှုဟာလည်း ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။