ဂူတာပြင်ရွာသတ်ဖြတ်မှု စစ်ခုံရုံးစီရင်ချက် ထုတ်မပြောနိုင်‌ကြောင်း တပ်မတော် ငြင်းဆို

သက်စုအောင်
2020.09.04

ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာက မွတ်စလင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး၊ စစ်ခုံရုံးရဲ့ စီရင်မှုတွေကို အတိအကျ ထုတ်မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း RFA က “ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ အရေးယူထားတဲ့ တပ်မတော်သားတွေ အကြောင်းကို ဘာ့ကြောင့် အတိအကျ ထုတ်မပြောနိုင်တာလဲ” လို့ မေးမြန်းစဉ်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းပြည်ကို ကာကွယ်လိုတဲ့စိတ် လျော့မသွားစေချင်တဲ့အတွက်ဖြစ်တယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။

“တပ်မတော်သားတွေအနေနဲ့ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ခဲ့တဲ့အခါမှာ အမှားကျုးလွန်ခဲ့မိတာတွေရှိတယ်၊ ကျူးလွန်ခဲ့ခြင်းသည် ရည်ရွယ်ချက်ပါပါနဲ့ ကျူးလွန်ခဲ့တာ မဟုတ်ဘူး၊ ဖြစ်ပေါ်တဲ့ တိုက်ပွဲတွေရဲ့ အခြေအနေ တွေ တိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့အတွက် တာဝန်ထမ်းဆောင်မယ့် အခြေအနေအရ သူတို့ဆောင်ရွက် ခဲ့တာဖြစ်တယ်၊ အဲလိုဆောင်ရွက်ခဲ့တဲ့ သူတွေရဲ့ စစ်ဆင်ရေး တာဝန်ထမ်းဆောင်လိုမှု၊ ကာကွယ်ရေး တာဝန် ထမ်းဆောင်လိုမှုတွေကို ကျတော်တို့အနေနဲ့ တပ်မတော်ရဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်မှု ရုတ်လျော့သွား တာမျိုးမရှိဖို့ အပြစ်ပေးခဲ့ပြီးပီ ဥပဒေနဲ့အညီ အပြစ်ပေးခဲ့ပြီး ဖြစ်တယ် ၊အဲ့လိုအပြစ်ပေးခဲ့တာတွေကို ဘယ်သူ ဘယ်ဝါဖြစ်တယ် ၊ ဘာတွေဖြစ်တယ်ဆိုတာ ခုန အကြောင်းတွေကြောင့် ထုတ်ဖော်ပြောနိုင်ခြင်းမရှိဘူး”

အဲဒီဖြေကြားချက်နဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးသုတေသီ နစ်ကီဒိုင်းမွန်းက “တိုင်းပြည်ကာကွယ်တယ်ဆိုပြီး ရာဇဝတ်မှူကျူးလွန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ထောက်ပြဝေဖန်ပါတယ်။

“တိုင်းပြည်ကို ကာကွယ်လို့ပဲ ရာဇဝတ်မှုကျူးလွန် ကျူးလွန် ဒါမှမဟုတ်ရင် ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာနဲ့ ဒီဘက်ကနေပြီးတော့ တည်ဆဲဥပဒေပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အရေးယူပေးရမယ် ဥပဒေအရ ပြဌာန်းချက်တွေကိုကျော်လွန်ပြီးတော့ ဆုံးဖြတ်လို့ မရဘူး၊ ဆိုလိုချင်တာက ဘာလဲဆိုရင် သူတို့ တိုင်းပြည်ကို ကာကွယ်တယ်ဆိုတဲ့ ကိစ္စရပ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ် ချိုးဖောက်မှုတွေ ရှိလာရင် ဘယ်လိုပဲဖြစ်ဖြစ် အရေးယူရမယ်”

၂ဝ၁၇ သြဂုတ်လ (၂၇) နဲ့ (၂၈) ရက်နေ့တွေက၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်‌ကျေးရွာမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးကြောင့်၊ ရိုဟင်ဂျာမွတ်စလင် (၂၄၃) ယောက် သတ်ဖြတ်ခံခဲ့ရပြီး၊ (၁၈) ယောက် ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (ARSPH) က ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဂူတာပြင်ရွာ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး၊ အရာရှိနှစ်ဦးနဲ့ စစ်သည်တစ်ဦးကို ညွှန်ကြားချက်တွေ မလိုက်နာတာ ကြောင့် အရေးယူခဲ့ကြောင်း၊ တပ်မတော်က ၂၀၂၀ ဇွန်လ (၃၀) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်မှာ၊ အဲဒီတပ်မတော်သားတွေဟာ ဘယ်သူတွေလဲ၊ သူတို့ကိုဘယ်လို ပြစ်ဒဏ်တွေ ပေးထားသလဲ စတဲ့အသေးစိတ် အချက်အလက်တွေကို ဖော်ပြမထားတာကြောင့်၊ တပ်မတော်စစ်ခုံရုံးရဲ့ တရားစီရင်မှုဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (ARSPH) ကလည်း၊ တပ်မတော်ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေအတွင်း၊ ရိုဟင်ဂျာမွတ်စလင် (၂၅ဝ) နီးပါး သတ်ဖြတ်ခံခဲ့ရပေမယ့်၊ အစိုးရရဲ့ အစီရင်ခံစာမှာ အကြမ်းဖက်သမား (၁၉) ယောက်ကို သုတ်သင်ခဲ့တယ်လို့သာ ဖော်ပြခဲ့တဲ့အပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကြေညာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေ တာမို့ အရပ်သားတွေ သေဆုံးထိခိုက်တာ၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရတာ‌တွေ ရှိနေပါတယ်။

“ဒီလိုထိခိုက်နစ်နာမှုတွေကို ဘယ်လိုကုစားပေးမှာလဲ၊ ပြစ်မှူကျူးလွန်တဲ့ တပ်မတော်သားတွေကို ဘယ်လိုအရေး ယူထားသလဲ” လို့ RFA က ဆက်လက်မေးမြန်းရာမှာ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းက “အရပ်သားတွေ ထိခိုက်မှုရှိ တယ်ဆိုတာကို” ဝန်ခံသွားပါတယ်။

“တပ်မတော်သားတွေအနေနဲ့ တချို့ပြစ်မှုတွေမှာ ကျူးလွန်ခဲ့တာတွေရှိတယ်၊ ပြစ်မှုတွေ ကျူးလွန်တဲ့အခါမှာ ကျတေ်ာတို့အနေနဲ့ ထိန်ချန်ထားခြင်း မရှိပါဘူး၊ဘာတွေဖြစ်ခဲ့တယ် ဘယ်လိုမျိုး အရေးယူထားတယ်၊ ဘာတွေ အရေးယူထားတယ်ဆိုတာကို ကျတေ်ာတို့က တတ်နိုင်သလောက် ပြောပြပါတယ်၊ တကယ်ထိခိုက် နစ်နာနေတဲ့ မိသားစုတွေဆိုရင် ကျတော်တို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူအပြစ်ပေးတာမျိုး ရှိတယ်၊ နံပါတ် ၂ အချက်ကတော့ တိုင်းစစ်ဌာနချုပ်အလိုက်မှာ ကျတော်တို့ လျစ်လျူရှုထားတာမျိုး မရှိဘူး၊ တကယ်ထိခိုက်နစ်နာနေတဲ့သူဆိုရင် မိသားစုလိုက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်တွေမှာရှိတဲ့ တာဝန်ရှိ သူတွေက သွားတွေ့တာမျိုးတွေ အားပေးကူညီတာတွေ ရှိပါတယ်”

မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာက ဦးစံထွန်းဖြူ ကတော့ “သားရော၊ သားမက်ပါ တပ်မတော်ရဲ့ ဖမ်းဆီးနှိပ်စက်မှု ခံနေရတာကြောင့် မိသားစုဝင်တွေ ဒုက္ခရောက်နေတယ်” လို့ RFA ကို ပြောပါတယ်။

“လေးလပိုင်း ၂၉ ရက်နေ့က ကျွန်တော့်သမက်တစ်ယောက် မတရားသဖြင့် သတ်ဖြတ်ခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေရပါတယ်။ သူသေလို့ နှစ်လလောက်အကြာမှာ ကျွန်တော့်သားတစ်ယောက်လည်း အဖမ်းခံထားရတယ်။ သားအဖမ်းခံထားရတော့ သူ့သားသမီးနှစ်ယောက်နဲ့ ဒုက္ခဖြစ်နေပါတယ်။ ကျွန်တော့် သမီးမှာလည်း သမီးလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မိသားစုဟာ တော်တော်အကြပ်အတည်း ဖြစ်နေပါတယ်။ စစ်သားတွေကတော့ ဘာမှလာပြောတာလည်း မရှိဘူး။ ရောက်လည်း မရောက်တော့ဘူး။ ကျွန်တော်တို့ကလည်း စိတ်မကောင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီးအတော့ အချုပ်ချတယ်၊ ထောင်ချတယ်၊ သတ်ဖြတ်တယ်နေတာက တပ်မတော်ရဲ့ စည်းကမ်းနဲ့မညီဘူးလို့ ကျွန်တော် ပြောချင်တယ်။ တပ်မတော်ဆိုတာလည်း ပြည်သူကပေါက် ဖွားလာတာ ပြည်သူတွေကို ချစ်ခင်ရမယ်။ အခုက ပြည်သူကို ရန်သူမြင်နေတယ်။ အထက်က ပုဂ္ဂိုလ်တွေ ကလည်း မျက်စီမဖွင့် နားကိုမဖွင့်ဘဲနဲ့ မျက်စိပိတ်၊ နားကိုပိတ်ပြီးတော့ အပြစ်မရှိတဲ့ ပြည်သူတွေကို အခုလိုလုပ်နေတာကို ကျွန်တော်တို့ ရှုတ်ချတယ်”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ ရခိုင်ပြည်နယ်အကြောင်း RFA ကဆက်လက်မေးမြန်းရာမှာတော့ “ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့နဲ့ UWSA “ဝ”တပ်ဖွဲ့ထိန်းချုပ်ရာ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” က မြို့နယ် ၅ ခုမှာလည်း လုံခြုံမှုမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စိုးရိမ်ရတဲ့ အနေအထားရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အကြံပြုထားတယ်လို့သာ ပြန်လည်ဖြေကြားသွားပါတယ်။

ဒီနေ့ သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း‌ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စတာ ယန်ကျဲ့ချီရဲ့ခရီးစဉ်အတွင်း၊ တပ်မတော် ကာကွယ်ရေးဦးစီချုပ်နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက်၊ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA လမ်း ကြောင်းထဲ ပါဝင်လာဖို့ လိုအပ်တယ်ဆိုတာကို” ဆွေးနွေးခဲ့ကြောင်း ရှင်းပြသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။