မုံရွာမှာ ကြက်ငှက်တုပ်ကွေး ပိုး တွေ့ရှိ


2016.04.16
chicken-622.jpg ကြက်ခြံတစ်ခြံကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်စ်တွေ့ ရှိတဲ့အတွက် ကြက်အကောင်ရေ ခြောက်ထောင်ကျော် ကို သုတ်သင်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ ကြက်ခြံတွေနဲ့ အနီးတဝိုက်ကို ဝင်ထွက်ခွင့် တင်းကြပ်ထားပြီး လူတွေဆီ မကူး စက်နိုင်အောင် ဆောင်ရွက်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ပြောပါတယ်။

"သေတဲ့အကောင်က ၂၄၀ တွေ့ရတယ်၊ အဲ့ကြက်ခြံက ကြက်တွေကိုယူပြီးတော့ စစ်ဆေးရေးစစ်လိုက်တဲ့ အခါမှာ H9N2 လို့ပြောတယ်၊ ကြက်ငှက် တုတ်ကွေး ရောဂါတွေ့ရတယ်လို့ ဆိုတယ်၊ အဲ့ကြက်တွေကို သတ်လိုက်တဲ့အတွက် ကြက်အကောင် ခြောက်ထောင်ကျော်လောက်သေသွားပြီ၊ အဝင်အထွက်နေ ရာတွေ၊ ဝန်ထမ်းတွေကိုလည်းစစ်တယ်၊ လူကိုကူးစက်တာတော့ မတွေ့သေးဘူး၊ အဝင်အထွက် နည်းနိုင်သမျှ နည်းအောင်လုပ်ထားတယ်၊ ခြံထဲကိုအဝင် အထွက်ကန့်သတ်မယ်၊ တချို့ကခြံထဲက ကြက်တွေကို အသတ်ခံရမှာကြောက်လို့ ခိုးထုတ်တာရှိတယ်လေ၊ အဲ့လိုမဖြစ်ရအောင် တင်းတင်းကြပ်ကြပ် လုပ်မယ်လို့ မှန်းထားပါတယ်"

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ကျန်းမာရေးဌာန၊ စည်ပင်ဌာန၊ မီးသတ်ဌာနက တာဝန်ရှိ သူတွေနဲ့ ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအဖွဲ့ ဖွဲ့စည်းပြီး စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်ကနေ ဧပြီ ၁၄ ရက်အတွင်း ပုံမှန်မဟုတ်ဘဲ ကြက်အကောင်ရေ ၂၄၀ သေဆုံးခဲ့တဲ့အတွက် မန္တလေးဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်တဲ့အခါ H9N2 ရောဂါပိုးရှိနေတာကို တေ့ွရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီရောဂါဖြစ်ပွားတဲ့ ကြက်ခြံ ၁၀ ခြံက ကြက်တွေကို သုတ်သင်ရှင်းလင်း လိုက်တာဖြစ်ပါတယ်။

မုံရွာမြို့ကြက်မွေးမြူရေးဇုန်မှာ ကြက်ခြံပေါင်း ၂၅၀ ရှိပြီး ကြက်အကောင်ရေ ၁ သိန်း ၂ သောင်းကျော်ရှိပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကလည်း ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ တာကြောင့် ကြက်နဲ့ ငုံးကောင်ရေ ၅ သိန်းကျော်ကို သုတ်သင်ရှင်းလင်း ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။