ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတချို့ ခွဲခြားဆက်ဆံခံနေရ

ဝေယံမိုးမြင့်၊ သန့်ဇင်ဦး
2020.04.28

ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ကုသရေးကို ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ခွဲခြားဆက်ဆံ ခံနေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး ဆောင်ရွက်ရာမှာ အတည်ပြုလူနာနဲ့  ထိတွေ့မိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကြပ်မတ်စောင့်ကြည့်ခံကြရပြီး အဲဒီလို စောင့်ကြည့်ခံရတဲ့အခါ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာကို ခံနေကြရပါတယ်။

လူနာအမှတ် ၁၄၅ ကို ဆေးရုံအထိ သွားရောက်ပို့ဆောင်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထဲက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ထဲက စေတနာရှင်တစ်ယောက်ကို သီးခြားနေထိုင်နိုင်မယ့် နေရာတစ်ခုကို စီစဉ်ပေးခဲ့ပေမယ့်လည်း  ရပ်ကွက်က လက်မခံတဲ့အတွက် နေရာပြောင်းရွှေ့ခဲ့ရပါတယ်။

ကူညီပေးနေသူတွေကို ဒေသခံတချို့က အခုလိုတုံ့ပြန်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ယာဉ်မောင်း ကိုဟိန်းဇော်ထက်က RFA ကို ပြောပါတယ်။

“ဘေးပတ်ဝန်းကျင်မှာ ကျန်းမာရေးအသိရှိတဲ့သူက တချို့တဝက်လောက်ပဲရှိတယ်။ တကယ်တော့ ရောဂါကို ကြောက်တယ်သာပြောနေတာ တကယ်တမ်း သူတို့အပြင်သွားရင် နှာခေါင်းစည်းပဲပါတယ်၊ တချို့ဆို မပါ တောင်မပါဘူး။ PPE ဝတ်စုံအပြည့်အစုံနဲ့တောင် ကျွန်တော်တို့ကို ရောဂါသံသယဆိုပြီး လက်သင့်မခံတာ သူတို့က နှာခေါင်းစည်းတစ်ခုတည်းနဲ့ မကြောက်တာ စဉ်းစားစရာပဲ။ ပထမတော့ ဝမ်းနည်းမိတော့ ကိုယ့်မြို့ အတွက် ဒီလောက်ထိ ရှေ့ကနေ လုပ်ပေးတာတောင်မှ ရပ်ကွက်က အသိအမှတ်မပြုဘူး၊ နေဖို့အတွက်တောင် ကန့်ကွက်တယ်ဆိုတော့ စိတ်ထဲမကောင်းဘူး”

ဗိုင်းရပ်စ် ကူးစက်ခံရသူကို ဆေးဝါးကုသနိုင်ဖို့ ကူညီခဲ့သူကို ရပ်ကွက်က လက်မခံတဲ့အတွက် စစ်ကိုင်းမြို့ နှစ်ခုနှစ်ရာကွင်းထဲကို  ပြောင်းရွှေ့နေရတယ်လို့ ကိုဟိန်းဇော်ထက်က ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က လူနာအမှတ် ၁၃၂ နဲ့ ထိတွေ့ခဲ့လို့ နေအိမ်ကြပ်မတ် စောင့်ကြည့်နေတဲ့ သူနာပြုဆရာမတစ်ဦးကိုလည်း ရပ်ရွာက ရောဂါသည်အိမ်ဆိုပြီး ခွဲခြားဆက်ဆံ ပြောဆိုနေတယ်လို့ ကာယကံရှင် သူနာပြုဆရာမက ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာဆေးရုံကြီးက သူနာပြု ဆရာမ အေးမိစံကတော့ ကျန်းမာရေးဝန်ထမ်းတွေ ခွဲခြားဆက်ဆံ ခံရတယ်ဆိုတာ သိရလို့ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

“နည်းနည်းတော့ ခံစားရတော့ သူတို့ရဲ့ ခွဲခြားဆက်ဆံမှုတွေ များလာတယ်ဆိုရင် ကျန်းမာရေး ယန္တရားမှာ အနှောင့်အယှက်ဖြစ်လာမှာ ဒါက ကပ်ရောဂါအသွင်ဖြစ်ပါတယ်။ ပြည်သူလူထုက မပါဝင်ရင် ကြောက်စရာ ကောင်းပါတယ်။ ကြောက်ရွံ့တယ်ဆိုတာကလည်း နည်းမှန်လမ်းမှန် ကြောက်ရွံ့ဖို့လိုပါတယ်။ ကြောက်ရွံ့တာ နည်းလမ်းမှားသွားတော့ ခွဲခြားဆက်ဆံတာတွေဖြစ်လာတယ်၊ အဲဒါကို ဘယ်လိုပြန်ပြင်ကြမလဲ၊ အများကြီး ကြိုးစားကြရဦးမယ်လို့ တွေးမိပါတယ်”

ရန်ကုန်မြို့မှာ အဆောင်ငှား၊ အခန်းငှားနေရတဲ့ သူနာပြုဆရာမ တချို့ကလည်း  အဆောင်ပိုင်ရှင်တွေက လက်မခံတော့လို့ နေစရာ နေရာမရှိတဲ့ ပြဿနာတွေ ကြုံနေရတယ်လို့လည်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရင်ဖွင့်ပြောဆိုနေပါတယ်။

စိတ္တဇဆန်ဆန် အလွန်အကျွန်ကြောက်တာတော့ မဖြစ်သင့်ဘူးလို့ စစ်ကိုင်းမြို့က အရေးပေါ် ကွပ်ကဲရေး အဖွဲ့ဝင် ကိုဘတင့်က ပြောပါတယ်။

“ကြောက်တာက ကြောက်လို့ရတယ် ဒါပေမယ့် လွန်လွန်ကျွံကျွံကြီး ဥပဒါန်ကြောင့် ဥပါဒ်ဖြစ်သွားနိုင်တယ်။ ဆရာဝန်တွေလည်း PPE နဲ့ သေချာကာကွယ်ထားတာ သူတို့လည်း သိပါတယ်။ ရပ်ကွက်က အဲလိုတော့ မဖြစ်သင့်ဘူး။ အားလုံးအေးတူပူအမျှပေါ့ ပူးပေါင်းဖြေရှင်းရမှာ ခွဲခြားတာမကောင်းဘူး၊ တစ်ကမ္ဘာလုံး ဖြစ်တာမှာ အေးတူပူအမျှ ဖြေရှင်းရမှာပေါ့”


မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအပေါ် အခုလို ခွဲခြားဆက်ဆံမှုတွေ ပိုများလာရင် သူတို့လုပ်နေတဲ့အလုပ်ကို စွန့်ခွာသွားကြလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

“ဘာတွေဖြစ်လာမလဲဆိုတော့ သူတို့တွေလုပ်နေတာတွေကို စွန့်ခွာသွားကြလိမ့်မယ်၊ ပရဟိတလုပ်နေတဲ့ သူတွေလည်း မလုပ်တော့ဘူးပေါ့၊ သူတို့တွေအားလုံး နုတ်ထွက်သွားကြလိမ့်မယ်”

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေ ခွဲခြားဆက်ဆံ ခံနေရတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မွန်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေသူတချို့နဲ့ အင်တာနက်ကနေ တွေ့ဆုံဆွေးနွေးရာမှာ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်နေသူတွေကို ပြည်သူတွေအနေနဲ့ ခွဲခြားဆက်ဆံမှု မပြုကြောင်းနဲ့ စနစ်တကျရှိစေရေး အစိုးရက ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မနေ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို တစ်ကမ္ဘာလုံးက ကြောက်ရွံ့နေကြချိန်မှာ မြန်မာပြည်သူတွေလည်း ကြောက်ရွံ့တာ ကို အပြစ်မပြောလိုပေမယ့် နည်းမှန်းလမ်းမှန် ကြောက်ရွံ့ကြဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။

ရောဂါကာကွယ်ဖို့အတွက် အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့၊ လူစုလူဝေးကို ရှောင်ဖို့၊ လက်ကို မကြာခဏဆေး ဖို့နဲ့ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။