မောင်တောမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

2022.08.22
မောင်တောမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Arakan Army YouTube

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ရွာအနီးမှာ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးတိုက်ရွာအနီးက ဝေလာတောင်ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာလို့ မီးတိုက်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်တာက မနက်ပိုင်းကတည်းက ဖြစ်နေတာ။ အခုလည်း သေနတ်သံတွေ နည်းနည်း ကြားရသေးတယ်။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော အပြန်အလှန် ပစ်သံကြားရတယ်။ ကျမတို့ကတော့ ကြောက်လို့ အိမ်ထဲမှာပဲ ပုန်းနေတယ်။ ထွက်ပြေးလို့လည်း မရဘူးလေ"

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ဝေလာတောင်ပေါ်မှာပဲ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ အချိန် ရှစ်နာရီကျော်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ သူက ဆိုပါတယ်။

လတ်တလောမှာ အရပ်သားတွေ ထိခိုက်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကို RFA က မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာပါ။

တိုက်ပွဲ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၄၁ ဦးထက်မနည်း သေဆုံးခဲ့သလို ရဲမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေက ထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ရသေ့တောင် ပုဏ္ဏားကျွန်းကားလမ်းနဲ့ အငူမော်၊ ဘူးသီးတောင်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးလမ်းကိုလည်း စစ်ကောင်စီတပ်က အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။