မြောက်ဥက္ကလာကရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်းနှစ်ဦးဒဏ်ရာရ

RFA Burmese
2023.06.19
မြောက်ဥက္ကလာကရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်းနှစ်ဦးဒဏ်ရာရ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်က မြတ်မောင်ရွှေဆိုင်ကို ဓားပြတိုက်ခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်စျေးရှေ့က မြတ်မောင်ရွှေဆိုင်ကို ဇွန်လ ၁၈ ရက် မနေ့ ညနေ ၄ နာရီခန့်က လူသုံးဦး သေနတ်နဲ့ပစ်ခတ်ပြီး ဓားပြတိုက် သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓားပြတိုက်သူတွေဟာ ကျပ်ငွေ သိန်း ၁၆,၀၀၀ တန်းဖိုးရှိတဲ့ ရွှေထည်လေးပိသာကျော်နဲ့ စိန်ထည်ပစ္စည်းတွေကို ယူဆောင်သွားပြီး သေနတ်နဲ့ပါပစ်ခဲ့လို့ ဆိုင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဓားပြတိုက်သူတွေ ဆိုင်ကပြန်အထွက်မှာ ဆိုင်ဝန်ထမ်းနှစ်ဦးက ပြန်လည်ခုခံဖို့ ကြိုးစားတာကြောင့် သေနတ်နဲ့အပစ်ခံခဲ့ရတာလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့အကုန်လုံးကြုံးပြီးတော့ ထွက်ခါနီးလေးမှာ အ၀မှာစောင့်တဲ့ ဝန်ထမ်း နှစ်ယောက်က ဝင်လုံးတော့ သေနတ်နဲ့ထိသွားတယ်။ ဝန်ထမ်းနှစ်ယောက်က အခုဆေးရုံမှာ"

ဓားပြတိုက်ချိန် မြောက်ဥက္ကလာ (ဈ ) ရပ်ကွက်အနီးမှာ စစ်တပ်ကကင်းလှည့်နေတဲ့ ကားနှစ်စီးရှိနေပြီး လမ်းဆုံ မီးပွိုင့်မှာလည်း ယာဉ်ထိန်းရဲတွေနဲ့ စစ်ကောင်စီတပ်သားအချို့ ရှိနေပေမယ့် လာရောက်ခြင်းမရှိခဲ့ဘူးလို့ ရပ်ကွက်နေသူတချို့က ပြောပါတယ်။

ဒီလိုပြောဆိုမှုတွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို ဓားပြတိုက်ခံရတဲ့ နောက်ဆက်တွဲအခြေအနေကို သိနိုင်ဖို့ RFA က မြတ်မောင်ရွှေဆိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ်ကတော့ အဲဒီရွှေဆိုင်နဲ့ အနီးပတ်ဝန်းကျင်က ရုပ်သံမှတ်တမ်း (CCTV) တွေကို စစ်ဆေးနေပြီး စစ်ကားတွေလည်း အသွားအလာများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ် ပျံ့နှံ့လာတဲ့ အဲဒီရွှေဆိုင်ရဲ့ CCTV မှတ်တမ်းထဲမှာ ဓားပြတိုက်သူသုံးဦး မော်တော်ဆိုင်ကယ်နဲ့ ဆိုင်ကပြန်အထွက် ဆိုင်အ၀နားမှာ အသင့်ရှိနေတဲ့ မော်တော်ကားတစ်စီးပေါ်က လူအချို့ သေနတ်နဲ့ဆင်းပစ်တာကြောင့် အပြန်အလှန်ပစ်ကြတာကို တွေ့ရပါတယ်။

လက်ရှိအချိန်အထိ ဓားပြတိုက်သူတွေကို ဖမ်းမမိသေးသလို ဆိုင်အ၀နားမှာ ပစ်ခတ်မှုဖြစ်တဲ့အဖွဲ့ကိုလည်း ဘယ်သူဘယ်ဝါတွေဆိုတာ တိတိကျကျမသိရဘူးလို့ အနီးအနားနေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် နေရာအနှံ့အပြားမှာ ဓားပြတိုက် လုယက်မှုတွေ မကြာခဏဖြစ်နေတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။