ပါတီကိုယ်စားလှယ်ရွေးချယ်မှု လှည်းကူး NLD က ဆန္ဒပြ
2015.08.10

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုကနေ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြောင်း အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါးက ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
လှည်းကူးမြို့နယ် အောက်ခြေက တင်ပြခဲ့သူတွေကို မရွေးတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးကြီးလှက ပြောပါတယ်။
"သူတို့ကို ဗဟိုဦးစီးစနစ်နဲ့ ရွေးတဲ့ပုံစံဖြစ်နေတယ်၊ အရပ်ဘက်တင်ပေးတဲ့ ကိုယ်စားလှယ်တစ်ယောက်မှ မပါလာဘူး၊ ဗဟိုဦးစီးစနစ်ရဲ့ ပုံစံအရပဲ သူတို့ကိုချပေးတာလေ၊ ပါတီမရံှူးရေး၊ သိက္ခာမကျရေးအတွက်ကို ကိုယ်စားလှယ်တွေ လဲလှယ်ပေးဖို့ ကျနော်တို့က ဆန္ဒထုတ်ဖော်ရတာပါ"
ဆန္ဒပြပွဲကို မရမ်းချောင်း၊ မင်းလွင်ကုန်း၊ လေးအိမ်စု၊ ကျည်စုစတဲ့ကျေးရွာပေါင်း ၅ဝ ကျော်က ပါတီဝင် ၁ဝဝ နီးပါး ပါဝင်ခဲ့ပါတယ်။
လှည်းကူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးသိန်းတန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ဒေါ်မြတ်မာလာထွန်း၊ ဦးဖြိုးမင်းသိန်း တို့ကို အန်အယ်လ်ဒီပါတီ ဗဟိုက ရွေးချယ်ထားတာဖြစ်ပါတယ်။