တပ်မတော်က ရွှေ့ပြောင်းခိုင်းတဲ့ လွှဲကြီးရွာသားတွေ သတင်းစာ ရှင်းလင်း


2017.04.23
land-press-npt-620.jpg နေပြည်တော် ဇေယျာသီရိမြို့နယ်၊ လွှဲကြီး (မန်း) ကျေးရွာက ဒေသခံတွေ ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Saw Maung

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လုံခြုံရေးအရ ဆိုပြီး တပ်မတော်က ပြောင်းရွှေ့ခိုင်းထား တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ လွှဲကြီး (မန်း) ကျေးရွာက ဒေသခံတွေ ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ရွာသားတွေနေထိုင်နေတဲ့ ရွာမြေ ၂၅ ဧကကို သိမ်းယူပြီး ရွာသားတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာဟာ မျှတမှုမရှိဘူး ပြည်သူတွေရဲ့အခွင့်အရေးတွေ ဆုံးရံှုးနေတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့သိအောင် သတင်းစာရှင်းလင်းပွဲ လုပ်တာလို့ သတင်းစာရှင်းလင်းပွဲတာဝန်ခံ ကိုခွန်းအားသိုက် က ပြောပါတယ်။

"လွှဲကြီးကျေးရွာက ရွာသားတွေနေနေတဲ့ ရွာ ၂၅ ဧကကို တပ်ကသိမ်းလိုက်ပြီးတော့ ရွာသားတွေကို အတင်း အဓမ္မပေါ့နော် ရွှေ့ပြောင်းဖို့ အတွက် မောင်းထုတ်တဲ့စာကို တရားဝင်ထုတ်ပြန်လိုက်တယ်ဗျ၊ ဒါကမျှတမှုမရှိဘူး၊ လူထုတွေ အနေနဲ့ကတော့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရံှုးနေတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာ အစိုးရတွေသိအောင် ကျနော်တို့ သတင်းစာရှင်းလင်း ပွဲလုပ်ခြင်းပဲ ဖြစ်ပါတယ်"

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က လွှဲကြီး(မန်း)ကျေးရွာမှာ နေထိုင်သူတွေကို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့လုံခြုံရေးအရဆိုပြီး ဒီဧပြီလကုန်မှာ အပြီးပြောင်းရွှေ့ ကြဖို့ ခလရ ၁၂၂ က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီကျေးရွာမှာ အိမ်ခြေ ၅၁ အိမ်နဲ့ စုစုပေါင်း လူဦးရေ ၂၄၀ ခန့်ရှိပြီး ကရင်ဖြူ၊ ကယန်းနဲ့ ဗမာတိုင်းရင်း သားတွေနေထိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီနေအိမ်တွေကို ကျူးကျော်ဝင်ရောက်နေထိုင်သူတွေရဲ့ အိမ်တွေဆိုပြီး ဆိုင်းဘုတ်လိုက်ကပ်ကာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဧပြီလကုန်မှာ အပြီးပြောင်းရွှေ့ကြ ဖို့ ကြေညာချက်ထုတ်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးရုပ်သိမ်းပေးဖို့ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက် သစ်လူငယ်၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့တွေက တပ်မတော်နဲ့ အစိုးရကို ဒီကနေ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ရွာသားတွေရဲ့ဆန္ဒအရ အစိုးရဘက်က ရွှေ့ပြောင်းတာတွေကို မဖြစ်မနေပြုလုပ်မယ်ဆိုရင် လက်ရှိ တန်ဖိုးနဲ့အညီ ပေးလျှော်ဖို့၊ တရားဝင်နေရာ မှာ ခြံ၊ မြေ၊ အိမ်၊ ရေ၊ မီး၊ ပညာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးခန်း၊ စာကြည့်တိုက်အစုံ ပြန်လည်တည်ဆောက်ပေးဖို့၊ လူမှုရေးထောက်ပံ့မှုတွေကို ကာလတစ်ခုအထိ ပြုလုပ်ပေးဖို့၊ စတာတွေကို အစိုးရအဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေဘက်က အတိအကျဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။