နှမ်းခါးရွာက စစ်ဘေးဒုက္ခသည် လေးထောင်ကျော် နေရပ်မပြန်ရဲသေး

2021.12.20
နှမ်းခါးရွာက စစ်ဘေးဒုက္ခသည် လေးထောင်ကျော် နေရပ်မပြန်ရဲသေး ၂၀၂၁၊ စက်တင်ဘာလမှာ စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ရွာထဲမှာလည်း ဝင်ရောက်စီးနင်းခဲ့တာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ရွာသား လေးထောင်ကျော်ဟာ ရွာထဲကို ပြန်မလာရဲသေးဘူးလို့ ပြောကြပါတယ်။

စစ်ကောင်စီတပ်တွေက စမ်မြို့ဆိုတဲ့ရွာထဲမှာ တပ်စွဲနေပြီး နှမ်းခါးရွာထဲကို အချိန်မရွေး ပြန်ဝင်လာနိုင်တာမို့ ရွာထဲမပြန်ရဲသေးတာလို့ ရွာသားတစ်ယောက်က ပြောပါတယ်။

"နှမ်းခါးရွာကတော့ အကုန်လုံးနီးပါး ရှောင်သွားပြီ၊ ရွာထဲမှာ မနေရဲကြဘူးပေါ့ဗျာ။ နောက်တစ်ခါများ လာခဲ့ရင်လေ အဓိကကတော့ လေကြောင်းနဲ့ ကုန်ကြောင်းကို ကြောက်တာကို အခုဟာကြီးက အင်အား အလွန်အကျွံသုံးပြီး တိုက်ထားတာဆိုတော့"

ဒီဇင်ဘာ ၁၇ ရက်က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာထဲမှာလည်း တပ်စွဲကာ ပစ်ခတ်ခဲ့တာ ကြောင့် ရွာသား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီနှမ်းခါးရွာမှာ CNF၊ YDF နဲ့ PDF အဖွဲ့တွေ အစည်းအဝေး လုပ်နေတဲ့ အချိန် စီးနင်းဝင်ရောက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှမ်းခါးရွာမှာ မရှိတော့ဘဲ မြစ်သာမြစ်အရှေ့ဘက်ကမ်း စမ်မြို့ရွာဘက် ကို ရောက်နေတယ်လို့လည်း ပြောကြပါတယ်။

နှမ်းခါးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတာ ဆယ်ကြိမ်ထက်မနည်းရှိနေပြီး ရွာသားတွေ အသတ်ခံရတာ မီးရှို့ခံရတာတွေလည်း မကြာမကြာ ကြုံနေရတာတွေကြောင့် နေရပ်မပြန်ရဲကြဘူးလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။