ပူတာအိုမြို့က ဦးတေဇပိုင်ဟိုတယ် မီးလောင်
2024.04.20

[Update: 12:52 AM, April 21, 2024]
ကချင်ပြည်နယ်၊ ပူတာအိုမြို့ မူလာရှီးဒီးရပ်ကွက်မှာရှိတဲ့ ဦးတေဇပိုင် Malihka Lodge Hotel ဧပြီလ ၂၀ ရက်နေ့ ဒီနေ့မနက် ခြောက်နာရီခန့်မှာ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဟိုတယ်ဟာ ထူးဂရုကုမ္ပဏီပိုင်ရှင် ခရိုနီသူဌေးဦးတေဇ ပိုင်ဆိုင်တာဖြစ်ပြီး မီးလောင်မှုကြောင့် လူနေအဆောင်နှစ်ဆောင် မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဘာကြောင့် မီးလောင်တာလဲဆိုတာ သေချာမသိရဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်စောစောက မီးထလောင်လာတာ ဘာလို့ လောင်တာလဲတော့ မသိကြသေးဘူး။ ဒေသခံတွေ ဝိုင်းငြှိမ်းလို့ မီးတော့ ငြိမ်းသွားပြီ။ ဒါပေမဲ့ ဟိုတယ်က ဝါးနဲ့လုပ်ထားတဲ့ ဘန်ဂလိုအဆောင် နှစ်ခုတော့ လုံးဝ ပြာကျသွားပြီ။ ဝါးနဲ့ဆောက်ထားတဲ့ အဆောင်တွေဆိုတော့ မီးက အလွယ်တကူစွဲပြီး ပြာကျသွားတာ”
မူလာရှီးဒီး ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေကပဲ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာလို့ ဆိုပါတယ်။
မလိခ ဟိုတယ်မှာ အသေးစားမီးလောင်မှုဖြစ်ခဲ့ကြောင်း၊ ဟိုတယ်စားသောက်ခန်းအသေး၊ မီးဖိုချောင်နဲ့ အဲဒီနေရာတွေနဲ့ ဆက်စပ်တဲ့ ဘန်ဂလိုတစ်လုံးရဲ့ ခေါင်မိုးသာ မီးလောင်ကျွမ်းခဲ့ပြီး ဟိုတယ်လုပ်ငန်းလည်ပတ်မှုမှာ ထိခိုက်တာ မရှိကြောင်း ဟိုတယ်က ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ နောက်ထပ်မဖြစ်အောင် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
အဲဒီဟိုတယ်ဟာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို အဓိက ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လာရောက်တည်းခိုသူ နည်းသွားတာကြောင့် တံခါးအမြဲပိတ်ထားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ မလိခ ဟိုတယ်၏ ထုတ်ပြန်ချက်အား ဖြည့်စွက်ရေးသားထားပါသည်။)