ကမန်တိုင်းရင်းသားတွေအတွက် အိမ်ရာဖော်ဆောင်ပေးရေး တင်ပြ


2015.04.23
rakhine-refugees-restlement-305.jpg စစ်တွေမြို့၊ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန် ရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်များကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးခဲ့တဲ့ ကမန်တိုင်းရင်းသားတွေအတွက် ရမ်းဗြဲ မြို့နယ်မှာ နေရာပြန်လည်ချထားပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုထားပါတယ်။

အဲဒီပဋိပက္ခအတွင်းမှာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ သံတွဲမြို့တွေက ကမန်တိုင်းရင်းသားတွေရဲ့ နေအိမ် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ကမန် အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

"ရမ်းဗြဲဆိုရင် နှစ်ကြိမ်ဖြစ်တယ်ပေါ့ဗျာ၊ ကျနော်တို့က ဒီလောက်ဖြစ်မယ်လို့ မထင်ခဲ့ဘူး၊ ဒါပေမဲ့ အကြောင်းတွေလည်းရှိတာပေါ့ဗျာ၊ ရမ်းဗြဲမှာ အိမ်ခြေ ၁၃ဝ ကျော် မီးလောင်သွားတယ်၊ ကျနော်တို့ ဘုရား ဝတ်ပြုတဲ့ ဗလီလေးလုံးပါသွားတယ်ဗျာ၊ အခုထိပျက်စီးနေတယ်ပေါ့နော်၊ နောက်ကျောက်ဖြူမှာ အိမ် ၁၅ဝ လောက် ပျက်စီးသွားတယ်၊ စစ်တွေမှာဆိုရင်လည်း အိမ်ခြေ ၂ဝဝ ကျော်လောက်ပါသွားတယ်၊ သံတွဲမှာဆိုရင် အိမ်ခြေ ၆ဝဝ ကျော်လောက်ပါတယ်ဗျ၊ ဒါပေမဲ့ သံတွဲမှာ ပြန်တည်ဆောက်ခွင့် ရထားတဲ့အတွက် သံတွဲမှာ ပြဿနာမရှိတော့ ဘူး၊ စစ်တွေ၊ ကျောက်ဖြူ ၊ ရမ်းဗြဲ၊ သံတွဲမှာ ပြန်လည်တည်ဆောက်မယ့် အနေအထားက အိမ်ခြေ ၅ဝဝ ကျော်လောက်ရှိပါတယ်"

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းဟာ လာမယ့်ဧပြီလ ၂၈ရက်နေ့မှာ ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ စစ်တွေမြို့မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်တွေ၊ မြောက်ဦး ၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ် ၁၀ ခုကျော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

ကမန်တိုင်းရင်းသားတွေဟာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနဲ့ ရန်ကုန်မြို့တို့မှာ နေထိုင်ကြပြီး လူဦးရေ ၄သောင်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။