ဆီဆိုင်မြို့မှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ သုံးဦး သေဆုံး

RFA Burmese
2024.02.19
ဆီဆိုင်မြို့မှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ သုံးဦး သေဆုံး ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးနေရသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Telegram/PNLA

ရှမ်းပြည်နယ် ဆီဆိုင်မြို့အဝင်မှာ ဖေဖော်ဝါရီလ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား သုံးဦးထက် မနည်းသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲငြိမ်သွားလို့ ဒေသခံတချို့ နေအိမ်ကိုလိုအပ်တဲ့ အသုံးအဆောင်တွေ ပြန်လာယူတဲ့လမ်းက မွေတော်ဘုရား အရှေ့ ဝါးတောကျေးရွာအနီးအရောက်မှာ လက်နက်ကြီးကျည် ထိမှန်ခဲ့တာပါ။

ဒီပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို နီးစပ်ရာ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒေသခံသုံးဦးကတော့ နေရာမှာတင် သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ငါးဦးပါ။ အဲဒီငါးဦးထဲက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ဆေးရုံကို ပို့ထားပါတယ်။ ကျန်ဒဏ်ရာရသူတွေကတော့ ဆေးရုံကို ရောက်မလာသေးဘူး"

သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီလက်နက်ကြီးကျည်ကို ဆိုက်ခေါင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဆီဆိုင် မြောက်ဘက်မှာရှိတဲ့ ခမရ-၄၂၃ကနေ ဒရုန်းနဲ့ လာကြဲတယ်။ ပြီးတော့ လက်နက်ကြီးကတော့ ဆိုက်ခေါင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လာတယ်။ရှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ရတယ်။ အဲဒီအထဲက စိုးရိမ်ရတဲ့ သူတချို့ အသက်ဆုံးရှုံးသွားတာရှိတယ်။ ဒါပေမဲ့ ဘယ်နှဦး ဆုံးရှုံးရတယ်ဆိုတာ အတည်ပြုနေတုန်းပဲ"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။