ထူး စက်သုံးဆီဆိုင် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်ထဲက HTOO Petroleum Co., Ltd ရဲ့ ထူး စက်သုံးဆီဆိုင်မှာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဆိုင်လည်း မီးလောင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်လို့ ဒီနေ့မနက် လေးနာရီလောက်က ဖောက်ခွဲခဲ့တယ်လို့ Special Task Agency of Burma - STA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလုံမြို့နယ် ထော်လီကွေ့အနီးက Level 1 အဆင့်ရှိတဲ့ ဒီမီးလောင်ကျွမ်းမှုကို ၁၅ မိနစ်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတည်း ထုတ်ပြန်ထားပါတယ်။
HTOO Petroleum Co., Ltd ဟာ မြန်မာနိုင်ငံမှာ စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့ပြီး လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်လီ စက်သုံးဆီဆိုင် ၁၃ ဆိုင်နဲ့ လည်ပတ်နေတယ်လို့ ထူးကုမ္ပဏီများအုပ်စု (HGC) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ထူးကုမ္ပဏီများအုပ်စု (HGC) ဟာ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိနေတယ်လို့ Justice For Myanmar ရဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားသလို မြန်မာစစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာရေးအရ အကူအညီပေးနေတယ်ဆိုပြီး ဗြိတိန်အစိုးရက ထူးအုပ်စုနဲ့ ဥက္ကဋ္ဌ ဦးတေဇ ကို အရေးယူပိတ်ဆို့မှုတွေကို စက်တင်ဘာ ၂ ရက်နေ့မှာ ချမှတ်ထားခဲ့ပါတယ်။