မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဆင့် တိုးမြှင့်လာ

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့အတွက် လူကုန်ကူးမှု အခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

2012.06.19
trafficking-Thai_border_305_z.jpg ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
RFA

မနေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် (၃) ကနေ အဆင့်(၂) စောင့်ကြည့်အဆင့်ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

မြန်မာကို အဆင့်တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး လူကုန်ကူးမှု ပြဿနာဆိုင်ရာ အမေရိကန် သံအမတ် ကြီး Luis CdeBaca က - မြန်မာနိုင်ငံကနေ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို လူကုန်ကူးမှုတွေ တိုးတက် များပြားနေတဲ့အပေါ် မိမိတို့ အလွန်ပဲ စိုးရိမ်မိပါတယ်။ လူကုန်ကူးမှုဟာ အဓမ္မလုပ်အားယူတဲ့ ကိစ္စနဲ့လည်း ဆက်စပ်ပတ်သက်နေပါတယ်။ ဒါပေမဲ့ အရင်က အဓမ္မလုပ်အားယူ ခိုင်းစေတဲ့ ကိစ္စ အပေါ် တရားဝင်အောင်လုပ်ထားတဲ့ ဥပဒေတွေကို လက်ရှိ အစိုးရသစ်က ဖျက်သိမ်းပြီး၊ ဒီလုပ်ရပ်ကို တရားမဝင်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ အစားထိုးခဲ့ပါတယ်။ နောက်ပြီး လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့ပြီး လူကုန်ကူးခံရသူတွေကို ထုတ်ဖော်ကူညီခဲ့ရာမှာ (၅၇) ဦးကို ကယ်တင်နိုင်ခဲ့ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီးတွေနဲ့ ကလေးတွေဟာ တိုင်းပြည်အပြင်ထွက်ပြီး အလုပ်လုပ်နေကြ ရတာကြောင့် အဓမ္မလုပ်အားယူ ခိုင်းစေတာ၊ လိင်လုပ်ငန်းမှာ စေခိုင်းခံရတာတွေနဲ့ ကြုံကြိုက်နေကြရကြောင်း၊ ပုဂ္ဂလိကနဲ့ အစိုးရဝန်ထမ်းတွေပါ ဒီလူကုန်ကူးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် ကြီးမားတဲ့ ပြဿနာအဖြစ် ဆက်လက်တည်ရှိနေသေးကြောင်းလည်း အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

အခုအခါ တိုင်းပြည် အပြင်ထွက်ခွင့်ရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြဿနာကို အလေးထား ပြောဆိုခဲ့ကြောင်း၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ရှေ့အလားအလာ ပိုပြီးကောင်းမွန်လာမှာ ဖြစ်ကြောင်း လူကုန်ကူးမှု ပြဿနာဆိုင်ရာ အမေရိကန်သံအမတ်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။