မိုင်းပေါက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ လူ ၂၀ ရောင်းစားခံထားရကြောင်း မိသားစုဝင်တွေပြော

RFA Burmese
2022.12.16
မိုင်းပေါက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ လူ ၂၀ ရောင်းစားခံထားရကြောင်း မိသားစုဝင်တွေပြော ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသားများနေထိုင်ရာ အဆောက်အအုံအနီးဝန်းကျင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ် မိုင်းပေါက်မြို့က တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာနိုင်ငံသား လူ ၂၀ လောက် ရောင်းစား ခံထားရပြီး တိုက်ခန်းတွေမှာ ပိတ်လှောင်ခံထားရတယ်လို့ ကိုယ်တိုင်ရောင်းစားခံနေရတဲ့ သူတွေနဲ့ မိသားစုဝင်တွေက RFA ကို ဆက်သွယ်ပြောဆိုပါတယ်။

ပွဲစားက အွန်လိုင်းကနေ ဈေးရောင်းတဲ့ အလုပ်အတွက် လုပ်ခလစာ တစ်လကို တရုတ်ယွမ် ၅၀၀၀ (မြန်မာကျပ် ၁၅ သိန်းခန့်) ရမယ်ဆိုပြီး လမ်းစရိတ်အကုန်အကျခံပြီး ခေါ်တာ ကြောင့် အခုနှစ် စက်တင်ဘာလကတည်းက မိုင်းပေါက်မြို့ကို လိုက်လာခဲ့ကြတာလို့ ဆိုပါတယ်။

မိုင်းပေါက်မြို့ကို ရောက်လာတဲ့အခါမှာတော့ အွန်လိုင်းက ဈေးရောင်းရတာမဟုတ်ဘဲ အွန်လိုင်းကနေ ငွေလိမ်တဲ့ အလုပ်တစ်ခုမှာ ရောင်းစားခံခဲ့ရတာလို့ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ကနေ လိုက်လာတဲ့ ကိုယ်တိုင်ရောင်းစားခံရသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့အဖွဲ့မှာ လူက ၂၀ လောက်ရှိတယ်။ အစကတော့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတတ်ရင် ရတယ်။ အွန်လိုင်းကနေ ဈေးရောင်းရမယ်ဆိုလို့ လိုက်လာတာ။ ဒီမှာရောက်မှ အွန်လိုင်းကနေ နိုင်ငံခြားသားတွေကို ငွေလိမ်ရတာဖြစ်နေတော့ မလုပ်ဘူးလို့ပြောမှ ကျနော်တို့ကို ရောင်းစားခဲ့မှန်းသိရတာ”

သူတို့လုပ်ငန်းဟာ လုပ်ငန်းနာမည်တပ်ထားတာ မရှိဘဲ အွန်လိုင်းကနေ မိန်းကလေးပုံစံ အကောင့်တုတွေနဲ့ သရုပ်ဆောင်ပြီး နိုင်ငံခြားသားတွေကို လိုက်လံလိမ်လည်ရတာလို့ ဆိုပါတယ်။

ပွဲစားက သူတို့ကို တရုတ်ယွမ် ၂၅၀၀၀ (မြန်မာကျပ် ၇၅ သိန်းခန့်) နဲ့ ရောင်းစားထားတာ ဖြစ်လို့ နေရပ်ပြန်ချင်ရင် အဲဒီငွေကို ပြန်လျော်ရမယ်လို့ အလုပ်ရှင်က ပြောတာကြောင့် နေရပ်ပြန်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ရောင်းစားခံရသူတွေက ပြောပါတယ်။

အခုရောင်းစားခံရတဲ့သူတွေဟာ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ နေထိုင်သူတွေ ပါဝင်ပြီး အုပ်စုလိုက်အလုပ်လုပ်ဖို့ သွားကြတာမှာ အခုဖြစ်ရပ်နဲ့ ကြုံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အများစုက အသက် ၂၀ ဝန်းကျင်တွေဖြစ်ပြီး သူတို့အဖွဲ့ထဲမှာ အမျိုးသမီး ခြောက်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ကို မိုင်းပေါက်မြို့ပေါ်က အဆောက်အအုံတစ်ခုမှာ အခန်း သုံးခန်းခွဲထားပြီး နောက်ထပ်လုပ်ငန်းရှင် တစ်ယောက်ထံကို ထပ်မံလွှဲပြောင်းဖို့ လုပ်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက အကူအညီပေးစေချင်တယ်လို့ ရောင်းစားခံထားရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ၀ တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ရှိသူတွေကို RFA ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကိုလည်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိသားစုဝင်တွေကတော့ အခုအခြေအနေတွေကို ၀ ဒေသ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သလို ရှမ်းပြည်နယ် လူကုန်ကူးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ရုံးနဲ့ ၀ ဆက်ဆံရေးရုံးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အကြောင်းကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။