IAEA နောက်ဆက်တွဲ စာချုပ် မြန်မာလက်မှတ်ထိုးခြင်းကို အမေရိကန်ကြိုဆို


2013.09.19

ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ (IAEA)အနေနဲ့ မြန်မာနိုင်ငံမှာ အနုမြူကိစ္စနဲ့ ပတ်သက်ပြီး ဝင်ရောက်စစ်ဆေးခွင့် နောက်ဆက်တွဲ သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

IAEA နောက်ဆက်တွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အမေရိကန်အစိုးရက မြန်မာကို ကာလကြာရှည် တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်အရ  မြန်မာအနေနဲ့ နျူကလီးယားဆိုင်ရာ လုပ်ငန်းအစီအစဉ်မှန်သမျှ တရားဝင်ကြေညာရမှာဖြစ်ပြီး၊ IAEA စစ်ဆေးရေးအဖွဲ့ကလည်း  နျူကလီးယားကိစ္စ ဆောင်ရွက်နေကြာင်း ကြေညာထားတဲ့နေရာတွေကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး IAEA အကြီးအကဲနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ IAEA ရုံးစိုက်ရာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခုလို မြန်မာအစိုးရက သဘောတူလက်မှတ်ရေးထိုးဖို့ လက်ခံလိုက်တဲ့အတွက် မြန်မာနဲ့ မြောက်ကိုရီးယားကြား လျှို့ဝှက်အနုမြူ အစီအစဉ်တွေ ရှိနေနိုင်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ သံသယ လျော့ပါးပြေပျောက်သွားမှာဖြစ်ပါတယ်။

အခုလို IAEA နောက်ဆက်တွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဟာ ပွင့်လင်းရေးဆီကို ဦးတည်နေတဲ့ မြန်မာအစိုးရသစ်ရဲ့ အခုထိ နောက်ဆုံးခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ AP သတင်းက ဖော်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တချို့ဆောင်ရွက်မယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ရီပါဘလီကင်လွှတ်တော်အမတ် တချို့ကတော့ မြန်မာကို စစ်ရေးအကူအညီတွေပေးဖို့ အချိန်စောနေသေးတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။