မောင်တော တိုက်ခိုက် သူတွေ ဆော်ဒီနဲ့ ပါကစ္စတန် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား


2016.12.15
maungtaw-terrorist-620.jpg မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်ဆလင်အဖွဲ့ကို တွေ့ရစဉ်
Photo-Video Screen Capture

အောက်တိုဘာလဆန်းက မောင်တောဒေသ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်အဖွဲ့ကို ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေနဲ့ ဆက်စပ်နေကြောင်း ဒီအဖွဲ့ဝင်တွေရဲ့ ပြောဆို ချက်တွေကို ကိုးကားပြီး နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာလို ယုံကြည်ချက်လှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတဲ့ Harakah-al-Yakin လို့ အမည်ပေးထားတဲ့ ဒီရိုဟင်ဂျာအဖွဲ့ ဟာ မောင်တောဒေသ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဗီဒီယိုတွေမှာ ပြောဆိုဝန်ခံထားပြီး ICG အဖွဲ့အနေနဲ့ ဒီအဖွဲ့ထဲက ၄ ဦးကို ရခိုင်ပြည်နယ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သလို ကျန်တဲ့ ၂ ဦးကို မြန်မာနိုင်ငံပြင်ပ မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဝင်တွေနဲ့ အဆက်သွယ်ရှိသူတွေကိုလည်း အင်တာနက်မှာ စာနဲ့အပြန်အလှန် ပြောဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကို ၂ဝ၁၂ ရခိုင်ပြည်နယ် ပဋိပက္ခတွေအပြီး ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ အာဖဂန်နဲ့ ပါကစ္စတန်မှာ ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးသူ ရိုဟင်ဂျာမွတ်ဆလင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂ နှစ်ကြာ စစ်ဆင်ရေး သင်တန်းတွေ ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသင်တန်းတွေမှာ လက်နက်အသုံးချနည်း၊ ပျောက်ကျားစစ်ဆင်ရေးဗျူဟာ၊ ဖောက်ခွဲရေးပစ္စည်းသင်တန်းတွေ ပါဝင်ကြောင်း၊ ဒီအုပ်စုခေါင်းဆောင်ဟာ Ata Ullah ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားကို သွားရောက်သင်တန်း တက်ခဲ့တဲ့ ရိုဟင်ဂျာ ၂ဝ ထဲက တဦးဖြစ်ကြောင်း၊ သူဟာ မောင်တောတိုက်ခိုက်မှုအပြီး အင်တာနက်မှာ ထွက်ပေါ်ခဲ့တဲ့ ဗီဒီယို ၉ ခုထဲမှာ ပါဝင်ခဲ့ပြီး အဖွဲ့ရဲ့ ရခိုင်ပြည်နယ်လှုပ်ရှားမှုကို ဦးဆောင်နေကြောင်းလည်း ICG က ရေးပါတယ်။ ဒါ့အပြင် ဒီအုပ်စုကို ဆော်ဒီနိုင်ငံ မက္ကာမြို့မှာ ရုံးချုပ်အခြေစိုက်တဲ့ ရိုဟင်ဂျာအကြီးအကဲ ၂ဝ ပါတဲ့ ကော်မတီက ကြီးကြပ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာမတွေ့ရြေကာင်း၊ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ပြောင်းလဲ လာနိုင်ကြောင်း၊ ဘာသာရေးတိုက်ပွဲပုံစံအနေနဲ့ ရပ်တည်လာနိုင်ပြီး နိုင်ငံတကာ ဘာသာရေးစစ်ဆင်နွဲနေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ေတွနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ စစ်ဆင်ရေးအရချည်း သက်သက်သာ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ သူတို့နောက်ကွယ်က ခံစားနေရတဲ့ ပြဿနာတွေကိုလည်း အလေးနက် ထားဖြေရှင်းဖို့လိုေကြာင်း ICG က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။