ရိုဟင်ဂျာအမှု ICJ တရားရုံး ဒုတိယအကြိမ်ကြားနာမှု ဒီနေ့စတင်မည်

2022.02.20
ရိုဟင်ဂျာအမှု ICJ တရားရုံး ဒုတိယအကြိမ်ကြားနာမှု ဒီနေ့စတင်မည် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို ၂၀၂၀၊ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: ICJ

ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှု ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဒုတိယအကြိမ်အဖြစ် ဒီကနေ့စပြီး ကြားနာစစ်ဆေးပါလိမ့်မယ်။

အာဖရိကတိုက် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ဒီအမှုကို ဒီနေ့တနင်္လာနေ့ကနေစပြီး နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ လေးရက်ကြာ ကြားနာစစ်ဆေးမှု တွေ လုပ်မှာပါ။ ၂ဝ၁၉ခုနှစ်က ပထမတစ်ကြိမ် ကြားနာစစ်ဆေးမှုမှာ နိုင်ငံတော် အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ပြီး တရားစွဲမှုကို ခုခံချေပခဲ့ ပေမယ့် အခုတစ်ကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ ဒီနေ့ကြားနာပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ရရေး စစ်ကောင်စီဘက်ကရော အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ဘက်ကရော အပြိုင်ကြိုးစားနေကြတာပါ။

ဒီနှစ်ဖွဲ့လုံးဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပြည့်ပြည့်ဝဝ မရကြသေးပါဘူး။ ICJ အမှုကို ရင်ဆိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဥပဒေအဖွဲ့ အဖြစ် စစ်ကောင်စီက ခန့်အပ်ထားပါတယ်။ သူတို့နှစ်ဦးလုံးက အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံထားရသူတွေပါ။ NUG အစိုးရကလည်း ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့အဖွဲ့ကိုပဲ ICJ က ဆက်ဆံဖို့ တိုက်တွန်း ထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ICJက နိုင်ငံကိုယ်စား ပြုအဖွဲ့အဖြစ် လက်မခံသင့်ဘူးလို့ လူအခွင့်အရေးအဖွဲ့တွေကလည်း တိုက်တွန်းနေပါ တယ်။ NLD အစိုးရလက်ထက်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ ကန့် ကွက်ထားခဲ့တာတွေကိုလည်း ပြန်ရုပ်သိမ်းတယ်လို့ NUG အစိုးရက ကြေညာထားပါတယ်။ ICJ တရားရုံးက NUG နဲ့ စစ်ကောင်စီအကြား ဘယ်အဖွဲ့ကို တရားဝင် လက်ခံမလဲဆိုတာ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။