သစ်ခိုးထုတ်သူ တရုတ်များရဲ့ မိသားစုများ နယ်စပ်မှာ ဆန္ဒပြ


2015.03.23
logging-305.jpg ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင်သစ်ခုတ်ယူနေစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က ဖမ်းဆီးခံခဲ့ရတဲ့ တရားမဝင်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား တစ်ရာကျော်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့အတွက် သူတို့ရဲ့မိသားစုဝင်တွေက တရုတ်နဲ့ မြန်မာနိုင်ငံနယ်စပ် ထိန်ချုံးမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီဆန္ဒပြသူတွေဟာ သူတို့မိသားစုဝင်တွေ လွတ်မြောက်ရေးတောင်းဆိုတာကို ယူနန်နယ် အပါအဝင် တရုတ်တစ်နိုင်ငံလုံးသိရအောင် ဆန္ဒပြကြတာဖြစ်တယ်လို့ အဲဒီအခြေအနေကို သွားရောက်လေ့လာခဲ့တဲ့ ကချင်ပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦး က ပြောပါတယ်။

"တရုတ်ဆွေမျိုးသားချင်းတွေရဲ့ မိသားစု တစ်ရာလောက် မနက်က ထိန်ချုံးစုပေါင်းရုံး တာဝန်ရှိသူတွေရဲ့ ရုံးရှေ့မှာသွားပြီးတော့ အမြန်လွှတ်မြောက်ရေးအတွက် ဆန္ဒပြတယ်လို့ မြေပြင်သတင်းရတဲ့ အတွက်ကြောင့် ကန်ပိုက်တီကို သွားစုံစမ်းလိုက်တော့ မိသားစုဝင်တွေက ဒီ ၁၅၅ ယောက် အမြန် လွတ်မြောက်ရေးအတွက်ကို ၃ ရက်ဆက်တိုက်ဆန္ဒပြပြီးတော့မှ ဒီယူနန်ပြည်နယ်ရော တရုတ်ပြည် တစ်ပြည်လုံး သိအောင်အတွက် ဆန္ဒပြမယ်လို့ မြေပြင်သတင်းအရ ဖုန်းသတင်းအရသိရပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းလောက်က ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံးစတဲ့ ဒေသမှာ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို အစိုးရတပ်မတော်က မူးယစ်ဆေးဝါးတွေ၊ မော်တော်ယာဉ်တွေ၊ စက်ယန္တရား တွေနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေကို လဝက ဥပဒေ၊ သစ်တောဥပဒေတွေနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေဟာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး ကချင်ပြည်နယ်အတွင်းမှာ  ကျောက်စိမ်းတူးဖော်ရေး၊ သစ်မှောင်ခိုလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းတွေကို လာရောက်လုပ်ကိုင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။