စပါးမှောင်ခို တင်ပို့သူတွေကို ကွင်းဆင်းစစ်ဆေး
2018.10.08
မြန်မာနိုင်ငံ ဒေသအသီးသီးက စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတာတွေ ရှိတဲ့အတွက် နယ်စပ်ဂိတ်တွေမှာ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ အကောက်ခွန်ဌာနတို့က ကွင်းဆင်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်တဲ့ စပါးကို ပြည်ပ တင်ပို့ရောင်းချခွင့်ကို အစိုးရက ပိတ်ပင်ထားပေမယ့် ပြည်တွင်းမှာတော့ လွတ်လပ်စွာ ရောင်းချခွင့်ပြုထားပါတယ်။ ဒီအတွက် စပါးတင်ဆောင်လာတဲ့ ကားတွေကို စစ်ဆေးရာမှာ အခက်အခဲရှိသလို အဲဒီကားတွေက နယ်စပ်ဂိတ်တွေကို မဖြတ်သန်းတဲ့အတွက် ဖမ်းဆီး အရေးယူဖို့အတွက်လည်း အခက်အခဲရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
တရုတ်ကုန်သည်တွေက ပြည်တွင်းထိ ဝင်ရောက်ပြီး စပါးဝယ်ယူတာကို အရေးယူဖို့ အခက်အခဲရှိနေတယ်လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌက RFA ကို ပြောထားပါတယ်။
ဒီနှစ်အတွင်း ပြည်တွင်းမှာ တရုတ်ကုန်သည်တွေ ဝင်ရောက်ပြီး တောင်သူတွေဆီကနေ စပါးတွေ ဝယ်ယူ နေကြသလို ပြည်တွင်း ကုန်သည်ပွဲစားတစ်ချို့ကလည်း စပါးတွေကို မှောင်ခို လမ်းကြောင်းကနေ တရုတ်ပြည်ကို တင်ပို့နေတာတွေရှိနေတယ်လို့ သိရပါတယ်။
တရားမဝင် စပါးရောင်းဝယ်နေတာတွေကို သတင်းပေးတိုင်ကြားဖို့နဲ့ တိုင်ကြားလာရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ လိုအပ်သလို ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ်လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်က မနေ့က သတိပေး ကြေညာထားပါတယ်။
ကွင်းဆင်းစစ်ဆေးနေတဲ့ စီးပွားကူးသန်းနဲ့ အကောက်ခွန်ဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။