တရားမဝင်ငွေလွှဲမှုနဲ့ ဂျပန် တိုကျို မစ်ဆူဘီရှီ UFJ ဘဏ် ဒဏ်ငွေပေးဆောင်ရ


2013.06.21

မြန်မာအပါအဝင် စီးပွားရေးပိတ်ဆို့ခံထားခဲ့ရတဲ့ နိုင်ငံတွေက ဘီလျံနဲ့ချီတဲ့ ဒေါ်လာငွေတွေကို တရားမဝင် လွှဲပြောင်းပေးခဲ့မှုအတွက် ဂျပန် တိုကျို မစ်ဆူဘီရှီ UFJ ဘဏ်က အမေရိကန် နယူးယောက်ပြည်နယ်ကို ဒေါ်လာ သန်း ၂၅ဝ ဒဏ်ငွေပေးဆောင်ဖို သဘောတူညီလိုက်ကြောင်း နယူးယောက်ပြည်နယ် ဘဏ္ဍာရေးဌာနက ပြောပါတယ်။

တိုကျို မစ်ဆူဘီရှီ UFJ ဘဏ်ဟာ နယူးယောက်မှာရှိတဲ့ ဘဏ်ခွဲကတဆင့် ၂ဝဝ၂ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အတွင်း စီးပွားရေးပိတ်ဆို့ခံနိုင်ငံတွေဖြစ်တဲ့ အီရန်၊ ဆူဒန်နဲ့ မြန်မာနိုင်ငံတွေက အစိုးရတွေနဲ့ ပုဂ္ဂလိကတွေအတွက် ငွေအလွှဲအပြောင်း အကြိမ်ပေါင်း နှစ်သောင်းရှစ်ထောင်လောက် ဆောင်ရွက်ပေးခဲ့ရာမှာ စုစုပေါင်းတန်ဖိုး  အမေရိကန်ဒေါ်လာ ဘီလျံ ၁ဝဝ လောက်ရှိခဲ့ပါတယ်။ ဒါ့ပြင် ဘဏ်ဝန်ထမ်းတွေက ငွေလွဲပြောင်းသူတွေရဲ့ စာရင်းတွေကိုလည်း စနစ်တကျ ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း လန်ဒန်အခြေစိုက် Standard Chartered Bank  ဟာ သူ့ရဲ့အမေရိကန် ဘဏ်ခွဲတွေကတဆင့် အီရန်၊ မြန်မာ၊ လစ်ဗျားနဲ့ ဆူဒန် နိုင်ငံတွေအတွက် ဒေါ်လာဘီလျံနဲ့ချီပြီး ငွေအလွှဲအပြောင်း လုပ်ပေးခဲ့မှုနဲ့ ဒေါ်လာ ( ၆၆၇ ) သန်း အမေရိကန်အစိုးရကို ဒဏ်ငွေဆောင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။