နယ်စပ်ခြံစည်းရိုးခတ်မဲ့ အိန္ဒိယအစိုးရအစီအစဉ်ကို ဒေသခံတွေ ဆန္ဒပြ
2024.02.21

မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်မဲ့အစီအစဉ်နဲ့ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဝင်ထွက်ခွင့် ဖျက်သိမ်းမဲ့ အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို နယ်စပ်မှာနေထိုင်တဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေက မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ၁၀ မိုင်အတွင်း နေထိုင်သူတွေ ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ဖျက်သိမ်းမဲ့အစီအစဉ်နဲ့ မိုင်တစ်ထောင်ကျော် ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စည်းရိုးကာမဲ့ အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
နှစ်နိုင်ငံနယ်နမိတ် တစ်ဖက်တစ်ချက်မှာ မိသားစုတွေရှိတာကြောင့် နယ်စပ်တစ်လျှောက် လွတ်လပ်စွာ သွားလာခွင့်ကို ဆက်ပြီးခွင့်ပြုစေချင်တယ်လို့ ဦးဆောင်ဆန္ဒပြခဲ့တဲ့ မီဇို လူငယ်အစည်းအရုံး (Young Mizo Association) ဗဟိုလူငယ်အဖွဲ့ခေါင်းဆောင်က AP သတင်းဌာနကို ပြောပါတယ်။
ချင်းအရပ်ဖက်အဖွဲ့အစည်းတွေစာရင်းအရ မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေရတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကျော်ရှိပါတယ်။
နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ပိတ်သိမ်းပြီး စည်းရိုးကာမယ်ဆိုရင် အိန္ဒိယနိုင်ငံအတွင် ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေး အခက်တွေ့မှာကို စိုးရိမ်နေကြတယ်လို့လည်း မြန်မာစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာမဲ့အစီအစဉ်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြောဆိုထားသလို လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ကို မကြာခင်ပိတ်ပင်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။