ကုလားတန်မြစ်ကြောင်း စီမံကိန်း အိန္ဒိယသံအမတ် ရှင်းလင်း
2016.04.10

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိက အခြေခံပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။
အိန္ဒိယသံအမတ်ကြီးက ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ဒီနေ့ရှင်းပြရာမှာ စကားပြန်ကတဆင့် ပြောကြားခဲ့တာပါ။
"ရခိုင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကို အရေးပါခြင်းဖြစ်ပါတယ်၊ ကျနော်တို့ အိန္ဒိယနဲ့ ချင်းပြည်နယ်ကြားမှာလည်းပဲ ကုန်သွယ်စီးဆင်းမှုမြန်ဆန်လာမှာဖြစ်ပါတယ်၊ အဲ့ဒါလည်း စိုက်ပျိုးရေးနဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး ကုန်သွယ်စီးဆင်းမှုကို ပြုလုပ်သွား မှာဖြစ်ပါတယ်"
အဲ့ဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေပါဝင်ပြီး အဲ့ဒီဆိပ်ကမ်းနှစ်ခု ဟာ လာမယ့် ဇူလိုင်လမှာ ပြီးစီးမယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံအထိ ၁၀၉ ကီလိုမီတာ ရှည်လျားမယ့် မော်တော်ကား လမ်းဖောက်လုပ်ရေး စီမံကိန်းကိုတော့ လာမယ့် သြဂုတ်လမှာ စတင်မှာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကနေ ရခိုင်ပြည်နယ်အတွက် ဘာတွေအကျိုးခံစားခွင့်ရရှိမလဲဆိုတာနဲ့ စီမံကိန်းကြောင့် သိမ်းယူခံရတဲ့ လယ်ယာမြေတွေအရေး ဘယ်လိုဖြေ ရှင်းပေးမလဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ပြန်လည်ဖြေ ကြား ပေးတာမရှိခဲ့ပါဘူး။
တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
RFA သတင်းထောက် ကိုမင်းသိန်းအောင် က ကောက်နှုတ်တင်ပြထားပါတယ်။