ကုလားတန်စီမံကိန်းအတွက် ကုန်တင်ရေယာဉ် ၆စီးကို မြန်မာ အစိုးရထံ ပေးအပ်
2017.06.26

အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာအသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃ဝဝ ဆန့် ကုန်တင်ရေယာဉ် ၆ စီးကို မြန်မာအစိုးရကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ် လိုက်ပါတယ်။
ကုန်တင်ရေယာဉ်တွေပေးအပ်ပွဲကို အိန္ဒိယနိုင်ငံကတည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်းဝင်းထဲမှာ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
မြန်မာနဲ့အိန္ဒိယအစိုးရဟာ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် လွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဧပြီလမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးရာမှာ စစ်တွေဆိပ်ကမ်းကို တန်ချိန် ၆ဝဝဝ သင်္ဘောကြီးတွေ ဝင်ထွက်သွား လာနိုင်အောင် လုံလောက်တဲ့ရေအနက်ရှိရေး၊ စစ်တွေဆိပ်ကမ်းမှာ တန်ချိန် ၂ဝဝဝဝ ရှိတဲ့ရေယာဉ်တွေဆိုက် ကပ်နိုင်တဲ့ ပင်လယ်ကူးဆိပ်ခံတံတားတည်ဆောက်ရေး၊ တန်ချိန် ၃ဝဝ မြစ်တွင်းသွားရေယာဉ် ၆ စီးကို တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်တွေနဲ့ ပလက်ဝမြို့တွေမှာ တန်ချိန် ၃၀၀ မြစ်တွင်းသွားရေယာဉ်တွေဆိုက်ကပ်နိုင်တဲ့ ဆိပ်ခံတံ တားနှစ်စင်းတည်ဆောက်ရေး၊ စစ်တွေ-ပလက်ဝ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြ အမှတ်အ သားတွေတည်ဆောက်ရေး၊ ပလက်ဝကနေ အိန္ဒိယနယ်စပ်အထိ အဝေးပြေးမော်တော်ကားလမ်း တည်ဆောက်ရေး စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၄ သန်းကုန်ကျမှာဖြစ်ပြီး အဲဒီအထဲက ဒေါ်လာ သန်းပေါင်း ၃၂၄ သန်းကိုတော့ ပလက်ဝနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ၁ဝ၉ ကီလိုမီတာရှည်လျား တဲ့ မော်တော်ကားလမ်းဖောက်လုပ်ရာမှာ အသုံးပြုမှာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်ပြီး မော်တော်ကား လမ်းစီမံကိန်းကိုတော့ အခုနှစ် မိုးရာသီအကုန်မှာ လုပ်ငန်းတွေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ လွှဲပြောင်းပေးအပ်လိုက်တဲ့ ကုန်တင်ရေယာဉ် ၆ စီးဟာ အရှည် ၄၅ မီတာ၊ အကျယ် ၉.၅ မီတာ၊ အနက် ၂.၃ မီတာ၊ ရေစူး ၁.၅ မီတာ ရှိပြီး တည်ဆောက်စရိတ်ကတော့ မြန်မာကျပ်ငွေ ၁၀.၄ ဘီလီယံ ခန့်ရှိတယ်လို့သိရပါ တယ်။ ကုလားတန်မြစ်ကြောင်းစီမံကိန်းဟာ နှစ်နိုင်ငံအတွက် အကျိုးရှိတဲ့ စီမံကိန်းဖြစ်တယ်လို့ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်ကပြောပါတယ်။
ဒီနေ့ မြန်မာအစိုးရကိုလွှဲပြောင်းပေးအပ်လိုက်တဲ့ ကုန်တင်ရေယာဉ်တွေကို စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်း ကုန်ပစ္စည်းတွေ အပြန်အလှန်သယ်ပို့ရာမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။