မြန်မာနယ်စပ်အနီး နေထိုင်သူတွေ ဗီဇာရှိမှ ဝင်ခွင့်ပေးဖို့ အိန္ဒိယစီစဉ်
2024.01.02

အိန္ဒိယ-မြန်မာနယ်စပ် ၁၆ ကီလိုမီတာနဲ့ ညီမျှတဲ့ ၁ဝ မိုင်နီးပါး အကျယ်အဝန်းအတွင်း နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဘက်က မကြာခင် ပိတ်ပင်တော့မယ်လို့ တာဝန်ရှိသူက မနေ့က ပြောကြောင်း The New Indian Express သတင်းက ဖော်ပြပါတယ်။
နှစ်နိုင်ငံနယ်စပ်ချင်းက ကီလိုမီတာ ၁၆၄၀ ကျော်နဲ့ ညီမျှတဲ့ မိုင် ၁၀၂၀ နီးပါးထိစပ်နေပြီး မီဇိုရမ်၊ မဏိပူရ်၊ Nagaland နဲ့ Arunachal Pradesh ပြည်နယ်တွေမှာ FMR ဆိုတဲ့ လွတ်လပ်စွာသွားလာခွင့်စနစ်အရ နယ်စပ်ကူးသန်းခွင့် လောလောဆယ်ရရှိထားပါတယ်။
အိန္ဒိယအရှေ့မျှော်ဝါဒ တစ်စိတ်တစ်ဒေသအနေနဲ့ ၂၀၁၈ မှာ ဒီစနစ်ကို ခွင့်ပြုခဲ့တာပါ။
အဲဒီ FMR အရ နှစ်နိုင်ငံ နယ်စပ် ၁၀ မိုင်နီးပါးအကွာအဝေးအတွင်း နေထိုင်တဲ့ တောင်ပေါ်သား မြန်မာမျိုးနွယ်စုဖြစ်ဖြစ်၊ အိန္ဒိယ မျိုးနွယ်စုဖြစ်ဖြစ် သက်တမ်း တစ်နှစ်ရှိတဲ့ လက်မှတ်နဲ့ နယ်စပ်ကို ဖြတ်သန်းသွားလာနိုင်ပြီး တစ်ကြိမ်မှာ သီတင်းနှစ်ပတ် နေထိုင်ခွင့် ရှိပါတယ်။
အခုတော့ ဒီခွင့်ပြုချက် မကြာခင် ပိတ်သိမ်းပြီး နယ်စပ်တစ်လျှောက်လုံးစည်းရိုးကာမယ်လို့ ပြောပါတယ်။ စည်းရိုးကာချိန်က လေးနှစ်ခွဲလောက်ကြာမှာဖြစ်ပြီး အိန္ဒိယကို လာရင် ဗီဇာလိုမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်သူတွေဟာ FMR ကို အလွဲသုံးစားလုပ်ပြီး မြန်မာဘက်ကို ကူးသွားတာတွေ တားဆီးနိုင်အောင်နဲ့ အိန္ဒိယနိုင်ငံထဲ လူတွေ တရားမဝင် ဝင်လာတာကို တားဆီးဖို့အပြင် မူးယစ်ဆေးဝါးနဲ့ ရွှေမှောင်ခိုမှု ကွန်ရက်တွေ အားပျော့သွားစေဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။