အိန္ဒိယဝန်ကြီး ချုပ်လေယာဉ် နေပြည်တော်မှာ ၉၂ မိနစ် စောင့်ခဲ့ရ
2014.11.17

အရှေ့အာရှနဲ့ အာဆီယံ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ အတွက် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အိန္ဒိယဝန်ကြီး ချုပ် နရင်ဒရာမိုဒီရဲ့ Air India One လေယာဉ် ဟာ နေပြည်တော်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ဖို့ တစ်နာရီခွဲကျော်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ အိန္ဒိယသတင်းစာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ် မိုဒီဟာ အာဆီယံ ဆွေးနွေးပွဲတွေအပြီး သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာကျင်းပမယ့် G20 ခေါ် စက်မှုအင်အားကြီးနိုင်ငံ ၂၀ ဆွေးနွေးပွဲ ဆက်လက်တက်ရောက်ဖို့ ကြာသပတေးနေ့ မှာ နေပြည်တော် လေဆိပ်ကနေ ည ကိုးနာရီခွဲမှာ ထွက်ခွာဖို့ဖြစ်ပေမဲ့၊ လေယာဉ်ဆီဖြည့်ရေးနှောင့်နှေးနေ ရတာကြောင့် ည ၁၁ နာရီကျော်မှ ထွက်ခွာနိုင်ခဲ့တယ် လို့ သိရပါတယ်။
နေပြည်တော်လေဆိပ်မှာ ဆီတင်ယာဉ်တစ်စီးသာရှိပြီး၊ လေဆိပ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလွန်းတာကြောင့် လေယာဉ်အတွက် လိုအပ်တဲ့ဆီ ပြည့်တဲ့အထိ ငါးနာရီခွဲကြာစောင့်ပြီး ထည့်နေ ရကြောင်း၊ ဒါကြောင့် မူလစီစဉ်ထားတဲ့အတိုင်း မထွက်နိုင်ဘဲ ၉၂ မိနစ် နောက်ကျခဲ့ရကြောင်း၊ ဒီကိစ္စ ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနဲ့ SPG ခေါ် အထူးကာကွယ်ရေးအဖွဲ့ဆီ အကြောင်းကြားခဲ့ရကြောင်း Air India လေကြောင်း အရာရှိတစ်ယောက် ကပြောပါတယ်။