အိန္ဒိယသမ္မတနဲ့ မြန်မာသမ္မတ၊ အတိုင်ပင်ခံတို့ သီးခြားစီတေ့ွဆုံ


2018.12.11
india-myanmar-president-622.jpg မြန်မာကို ချစ်ကြည်ရေးခရီးလာတဲ့ အိန္ဒိယသမ္မတကို သမ္မတ ဦးဝင်းမြင့် ၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြိုဆိုစဉ်
Photo: Myanmar President Office

မန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ ရမ်-နက်ကိုဗင့် ဟာ ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတ တို့တွေ့ဆုံရာမှာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖို့၊ အိန္ဒိယနိုင်ငံကို ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့်ခွင့်ပြုချက်ရဖို့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာ ချထားရေးနဲ့ ကုလားတန်မြစ်ဘက်စုံစီမံကိန်း စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး က သတင်းထုတ်ပြန် ပါတယ်။

တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံက ထောက်ပံ့တဲ့ တည်ဆောက်ပြီး အိမ်အလုံးရေ ၅၀ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနဲ့ ဇနီးဖြစ်သူဟာ မြန်မာနိုင်ငံကို ၅ ရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ဇန်နဝါရီလတုန်းကလည်း အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့စဉ်က သမ္မတ ရမ်-နက်ကိုဗင့်ဒ် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။