မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ

2013.12.25

မလေးရှားနိုင်ငံ အရှေ့ဘက် သင်္ဘောကျင်းတစ်ခုမှာ မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုဖို့ကြိုးစားနေတဲ့အတွက် မြန်မာ ၉၇ ဦး ပုန်းအောင်းနေရပြီး အကူအညီ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ဆာရာဝပ်ပြည်နယ်နဲ့ ဘရူနိုင်းလ်နိုင်ငံနယ်စပ် အာဆီယံတံတားအနီးက ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲက တချို့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ ရန်ပြုခံရပြီးတဲ့နောက် အခြေအနေပိုဆိုးလာခဲ့ပြီး မနေ့ညကတော့ အဲဒီနေရာက မြန်မာအားလုံး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီပုန်းနေတဲ့ မြန်မာတွေထဲက ကိုတင်ဦးကို တယ်လီဖုန်း အဆက်အသွယ်ရပြီး မေးကြည့်တဲ့အခါ သူတို့ဟာ မြန်မာသံရုံး အပါအဝင် အခြားမြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်ပြီး အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

“မြန်မာ ၉၇ ယောက်ထဲမှာ ကျနော်ပါပါတယ်၊ ကျနော်တို့ ဒုက္ခရောက်နေလို့ပါ၊ အကုန်လုံးလက်နက်ကိုင်တဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်ခံနေရတာပါ၊ ကျနော်တို့ ဂိုထောင်တစ်ခုထဲမှာ မြန်မာအကုန်လုံးစုပြီးတော့ နေနေရတဲ့အခြေအနေပါ”

မှူးဇော်အမည်နဲ့ လူသိများတဲ့ နိုင်ငံတော်သမ္မတရုံးက အရာရှိတစ်ဦးရဲ့ ဖေ့စ်ဘွတ်အင်တာနက် စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားအရာရှိက အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင်ဦးစီးပြီး မလေးနဲ့ ဘရူနိုင်းက မြန်မာသံရုံးတွေ၊ သက်ဆိုင်ရာနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ အာဘာဖီကုမ္ပဏီဆိုတာက အဲဒီအလုပ်သမားတွေကို ပို့ပေးတဲ့ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ သူတို့အတွက် အန္တရာယ်ကြီးနေတဲ့အတွက် အမြန်ဆုံးနေရပ်ပြန်ဖို့ပဲ ဆန္ဒရှိကြတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေထဲက ကိုတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။