ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဒဏ်ရာရ

RFA Burmese
2023.08.29
ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဒဏ်ရာရ စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ရသည့် နေအိမ်တချို့အား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ကညင်ကျိုးရွာထဲကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၇ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဩဂုတ်လ ၂၈ နေ့မှာ ထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကနေ ၁၂၀ မမ လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့တာမှာ ကညင်ကျိုးရွာထဲကို ကျရောက်ပေါက်ကွဲပြီး လေးနှစ်အရွယ် မမေမြတ်နိုးဝေ၊ ၆၆ နှစ်အရွယ် ဒေါ်စန်းဌေး၊ ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းနဲ့ ၄၅ နှစ်အရွယ် ဒေါ်ပြုံးပြုံးရီ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ကညင်ကျိုးရွာဟာ KNU တပ်မဟာ (၃) ကျောက်ကြီးမြို့နယ်အုပ်ချုပ်နယ်မြေမှာ ပါဝင်တယ်လို့ KNU က ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေအနက် အသက် ၆၆ နှစ်အရွယ် ဒေါ်စန်းဌေးဟာ ဒဏ်ရာပြင်းထန်ပြီး လက်နက်ကြီးကြောင့် ကညင်ကျိုးရွာက နေအိမ် ငါးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်လို့ ဒီအရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဖော်ပြကြပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့ကနေ ကျောက်ကြီးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်အစပ်က တလှဲခင်၊ လိန်ပင်နဲ့ ငါးဖယ်အင်းရွာတွေကို ၁၀၅ မမနဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ငါးဖယ်အင်းရွာက ခရစ်ယာန် ဘုရားကျောင်းတစ်ခုနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါးနဲ့ မုန်းမြို့နယ်ထဲက နေအိမ် ၁၈ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း၊ အရှေ့ခြမ်းက ဒေသခံတစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။