ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၁၈ သိန်းရှိ


2013.12.19
saimaukkham-305.jpg ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် MICC ခန်းမမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို တွေ့ရစဉ်
Photo: RFA

အခုအခါမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်၊ ကိုးရီးယားစတဲ့ နိုင်ငံ ၁၅ နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ တရားဝင်မှတ်ပုံတင်ထား သူ မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံးပေါင်း ၁၈ သိန်းရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို နေပြည်တော် MICC ခန်းမမှာ မနေ့ကကျင်းပရာမှာ အဲဒီလိုပြောကြားသွားတာပါ။

တခြားနိုင်ငံတွေမှာ တရားဝင်သွားရောက် အလုပ်လုပ်တယ်ဆိုရင်   ပြသနာပေါ်လာတဲ့အခါ အစိုးရအနေနဲ့ ဖြေရှင်းပေးလို့ရနိုင်ပေမယ့် တရားမဝင်သွားရောက်လုပ်ကိုင်သူတွေ အတွက်ကတော့ စာရင်းဇယားမရှိ တာကြောင့် ဖြေရှင်းရခက်ခဲကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

"တရားဝင်သွားတဲ့လူက ကျနော်တို့ဆီမှာ စာရင်းဇယား အချက်အလက်တွေရှိတယ်၊ ဒီအချက်အလက်တွေအရ ဘယ်သူဟာ၊ ဘယ်စက်ရုံ၊ ဘယ်နေရာမှာ ရောက်နေလဲဆိုတဲ့ အထောက်အထားတွေရှိတယ်၊ တရားမဝင် သွားတဲ့လူဆိုရင် မသိရတော့ဘူး၊ မသိရတဲ့အတွက်ကြောင့်မို့ သူတို့တွေဟာ ဘယ်လိုညှင်းပန်းခံနေရတယ်၊ ဘယ်လိုခေါင်းပုံဖြတ်ခံရတာလဲဆိုတာ မသိတဲ့အတွက်ကြောင့်မို့ ဒါဥစ္စာဟာ တရားမဝင်ရဲ့ အားနည်းချက်တွေ ဖြစ်နေတာပေ့ါ"

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ဒါရိုက်တာ ဦးကျော်ဇော်လင်းကလည်း  တခြားနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို စနစ်တကျနဲ့ စေလွှတ်မှသာ ပြဿနာတွေကို ကြိုတင်တားဆီးနိုင်မှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ထိုင်းအလုပ်သမား တရားဝင်စေလွှတ်တဲ့အပိုင်းမှာတော့ အဆင်မပြေတာတွေက အများကြီးရှိတယ်၊ စာချုပ်အတိုင်းမဖြစ်တာတွေ ဒီမှာဈေးနှုန်းကြီးမြင့်တာတွေ ပွဲစားအဆင့်ဆင့်ကနေပြီးတော့ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ ဒါမျိုးတွေအများကြီးရှိတာပေါ့၊ အခုလက်ရှိမှာ ကျနော်တို့ သိရသလောက်ဆိုတော့ရှိရင် ၅ဝ ရာခိုင်နှုန်းနဲ့အထက်က အဲဒီပြဿနာပေါင်းစုံကို ရင်ဆိုင်နေရတာ၊ တချို့ဟာတွေက သွားရောက်အကူအညီပေးဖို့ လက်လှမ်းမီသလို၊ တချို့ဟာတွေက မမီတာတွေရှိတယ်"

လက်ရှိမှာ ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခြောက်သိန်းကျော်ကို အစိုးရက အထောက်အထားလက်မှတ်တွေ ထုတ်ပေးထားပြီးဖြစ်သလို ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူ MOU စနစ်နဲ့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေသူဦးရေ ရှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို နိုင်ငံတော ်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးတွေအပြင် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက  ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။